မြိတ်တွင် သုံးဘီးတစ်စီး ကျပ်သိန်း ၂၀၀ကျော်အထိဈေးပေါက်

0
1450

မြိတ်မြို့တွင် အိန္ဒိယနိုင်ငံထုတ် ခရီးသည်တင်သုံးဘီးအကြီး အင်ဂျင်ပါဝင် ၂၅၀ ရှိ တစ်စီးလျှင် ကျပ်သိန်းနှစ်ရာကျော် အထိ ဈေးဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

၂၀၂၂ ခုနှစ် စက်တင်ဘာလက သုံးဘီးတစ်စီးလျှင် ကျပ်သိန်းတစ်ရာငါးဆယ်သာ ရှိခဲ့ကြောင်း သုံးဘီးဈေးကွက်မှ စုံစမ်းသိရှိရသည်။

ယင်းနောက် ဈေးနှုန်းများ တဖြေးဖြေးမြင့်တက်လာရာ ကျပ်သိန်းတစ်ရာခုနှစ်ဆယ်မှ တစ်ရာရှစ်ဆယ်ကျော်အထိ ဖြစ်လာကြောင်း စုံစမ်းသိရသည်။

ဩဂုတ်လအစမှစပြီး သုံးဘီးတစ်စီးလျှင် ကျပ်သိန်းနှစ်ရာတစ်ဆယ်အထိ ဈေးပေါက်လာကြောင်း သုံးဘီးအရောင်းဆိုင်အချို့ထံမှ သိရသည်။

“ငွေလဲဈေးတွေ တက်လာလေလေ သုံးဘီးဈေးတက်လာတာပဲ။ အခုတောင် တစ်နေ့တစ်ဈေးလို ဖြစ်နေတယ်” ဟု သုံးဘီးအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

နှစ်သောင်းကျပ်တန် ငွေစက္ကူများထုတ်ဝေမည်ဟု ကြေညာပြီးနောက် မော်တော်ဆိုင်ကယ်များအပြင် သုံးဘီးတို့အား အဝယ်လိုက်လာခြင်းကြောင့်လည်း သုံးဘီးဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

သုံးဘီးများ ဈေးတက်သလို အရောင်းအဝယ်လည်းရှိနေပြီး ဝယ်သူအများစုသည် ကျပ်ငွေတန်ဖိုး ထပ်မံကျဆင်းမည် ကို စိုးရိမ်သဖြင့် လက်ထဲငွေမကိုင်ထားလိုသည်အတွက် ဝယ်ယူနေကြကြောင်း ၎င်းက ပြောဆိုသည်။

“နှစ်သောင်းတန်ထွက်တော့မယ်ကြားတော့ ဆိုင်ကယ်တွေ အဝယ်လိုက်လာတယ်။ ဈေးလည်းတက်သွားတယ်။ သုံးဘီးလည်း ဝယ်ကြတာပဲ။ ငွေလဲဈေးတွေ ထပ်‌တက်နေတော့ ဈေးက ပိုမြောက်သွားပြီပေါ့” ဟု တစ်ပတ်ရစ် ဆိုင်ကယ်၊ သုံးဘီးစသည်တို့အား ရောင်းဝယ်ရေးလုပ်ကိုင်သူတစ်ဦးက ပြောသည်။

အဆိုပါ သုံးဘီးတို့တွင် Bajaj၊ TVS-King စသဖြင့် အမျိုးအစား ငါးမျိုးခန့်ရှိကြကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

ထို့အပြင် အင်ဂျင်ပါဝါ ၂၀၀ စီစီရှိ သုံးဘီးအငယ် တစ်စီးလျှင် ကျပ်သိန်းတစ်ရာခြောက်ဆယ်မှ တစ်ရာရှစ်ဆယ်အထိ ရှိနေကြောင်း သုံးဘီးဈေးကွက်မှ သိရသည်။

“သုံးဘီးဈေးတက်ပေမယ့် မမြတ်ပါဘူး။ ဈေးကောင်းရပြီဆိုပြီး ရောင်းပြီး ပြန်ဝယ်မယ်ဆိုရင် ငွေပါထပ်လိုက်ရဦးမယ်” ဟု သုံးဘီးအငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

အဆိုပါ သုံးဘီးအငှားယာဉ်မောင်းသည် ပြီးခဲ့သည့် ၂နှစ်ခန့်က သိန်းခုနှစ်ဆယ်တန်ရှိ သုံးဘီးအကြီးတစ်စီးအား ဝယ်ယူမောင်းနင်နေခြင်း ဖြစ်သည်။

မြိတ်တွင် သုံးဘီးစပေါ်သည့် ၂၀၁၉ ခုနှစ်က သုံးဘီးအငယ်တစ်စီးလျှင် သိန်းလေးဆယ်ကျော်နှင့် အကြီးတစ်စီးလျှင် ကျပ်သိန်းငါးဆယ်ကျော်အထိသာ ဈေးရှိကြောင်း ယင်းဈေးကွက်မှ သိရသည်။