နိုင်ဂျာစစ်အစိုးရနှင့် သံတမန်ရေးလမ်းကြောင်း

0
1234

နိုင်ဂျာ၏ အာဏာသိမ်းခေါင်းဆောင်များအနေနှင့် သံခင်းတမန်ခင်းအရ လမ်းဖွင့်ထားကြောင်း နိုင်ဂျီးရီးယား အကြီးတန်း အစ္စလာမ္မစ် ပညာရှင်အဖွဲ့တစ်ဖွဲ့က နီယာမေမြို့တွင် စစ်အစိုးရနှင့် တွေ့ဆုံပြီးနောက် ဩဂုတ် ၁၃ ရက်နေ့တွင် ပြောကြားခဲ့သည်။

ဇူလိုင် ၂၆ ရက်က နိုင်ဂျာနိုင်ငံတွင် သမ္မတ မိုဟာမက် ဘာဇိုအွမ် ဖြုတ်ချခံရပြီးနောက် အနောက် အာဖရိကနိုင်ငံများ၏ စီးပွားရေးအသိုက်အဝန်း (Ecowas)သည် နိုင်ဂျာတွင် အရပ်သားအုပ်ချုပ်ရေးကို ပြန်လည်ထူထောင်နိုင်ရန် စစ်ရေးအရ စွက်ဖက်မှုအပါအဝင် နည်းမျိုးစုံဖြင့် ကြိုးပမ်းနေသည်။

ယင်းအနောက်အာဖရိက၏ ဒေသဆိုင်ရာ အစုအဖွဲ့နှင့် သဘောထားကွဲလွဲမှုကို ဖြေရှင်းရန်အတွက် ပံ့ပိုးပေးနိုင်မှုများကို စူးစမ်းရှာဖွေရန် နိုင်ဂျီးရီးယားပညာရှင်များအဖွဲ့က နိုင်ဂျာသို့ ရောက်ရှိလာခြင်းဖြစ်သည်။

နိုင်ဂျာ၏ အာဏာသိမ်းဖြစ်စဉ်သည် သုံးနှစ်တာ ကာလအတွင်း အနောက်နှင့် အလယ်ပိုင်း အာဖရိကဒေသများတွင်း ခုနစ်ကြိမ်မြောက် အာဏာသိမ်းမှု ဖြစ်သည်။

Ecowas အနေနှင့် ငြိမ်းချမ်းသော ဆုံးဖြတ်ချက်တစ်ခုအတွက် တွန်းအားပေးနေဆဲဖြစ်ကြောင်း ဖော်ပြသည့် အနေဖြင့် ယင်း အဖွဲ့၏ ဥက္ကဋ္ဌနှင့် နိုင်ဂျီးရီးယားသမ္မတ ဘိုလာ တီနူဘူ တို့သည် အစ္စလာမ်မစ် ပညာရှင်များ၏ ကိုယ်စားလှယ်အဖွဲ့ကို နိုင်ဂျာနိုင်ငံ ၊ နီယာမေ မြို့သို့ သွားရောက်စေခဲ့သည်။ 

အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည် နိုင်ဂျာ၏ အာဏာသိမ်းအစိုးရ နှင့် တွေ့ဆုံဆွေးနွေးမှုကို မြှင့်တင်မည်ဟု ကတိပြုထားသည်။

နိုင်ဂျာစစ်အစိုးရခေါင်းဆောင် အဗ္ဗဒိုရာဟာမာနဲ တီယာနီ  နှင့် ယင်းကိုယ်စားလှယ် အဖွဲ့၏ တွေ့ဆုံမှုသည် နာရီပေါင်းများစွာ ကြာခဲ့ကြောင်း ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သူ ရှိတ် အဗ္ဗဒူလာဟီ ဘာလာလောင် က ပြောကြားခဲ့သည်။

“ဒီကိစ္စကို ဖြေရှင်းရာမှာ သံတမန်ရေးနဲ့ ငြိမ်းချမ်းရေးကို ရှာဖွေဖို့ သူတို့ (နိုင်ဂျာစစ်အစိုးရ) အနေနဲ့ တံခါးဖွင့်ထားပါတယ်” ဟု ရှိတ်လောင် က ဩဂုတ် ၁၄ ရက်နေ့ ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးမှုတွင်း ဗိုလ်ချုပ်ကြီး တီယာနီ က နိုင်ဂျာနှင့် နိုင်ဂျီးရီးယားကြား သမိုင်းဝင် ဆက်ဆံရေးကို အလေးပေး ပြောကြားခဲ့ပြီး နိုင်ငံများသည် “အိမ်နီးချင်းများသာမက ပြဿနာများကို ချစ်ကြည်ရင်းနှီးစွာ ဖြေရှင်းသင့်သော ညီအစ်ကို မောင်နှမများဖြစ်ကြသည်” ဟု ပြောကြားခဲ့သည်။

ယင်း တွေ့ဆုံမှုနှင့်ပတ်သက်၍ နိုင်ဂျာ စစ်အစိုးရဘက်မှ ချက်ခြင်းမှတ်ချက်ပေးခြင်းမျိုး မရှိသော်လည်း ဗိုလ်ချုပ်ကြီး တီယာနီ၏ အစီရင်ခံတင်ပြချက်များသည် စေ့စပ်ညှိနှိုင်းရန် လမ်းဖွင့်ထားကြောင်း လတ်တလော ရှုမြင်နိုင်သည့် လက္ခဏာအနည်းငယ်ထဲမှ တစ်ခုဖြစ်သည်။

Ecowas အပြင် အမေရိကန်နှင့် အခြားနိုင်ငံများ၏ သံတမန်ရေးရာ ကြိုးပမ်းမှုများကို နိုင်ဂျာ အာဏာသိမ်းခေါင်းဆောင်များ၏ ယခင်က ငြင်းဆိုခဲ့မှုများကြောင့် အနောက်အာဖရိကရှိ ဆင်းရဲနွမ်းပါးသော ဆာဟယ် ဒေသတွင် နောက်ထပ် ပဋိပက္ခများ ပိုမိုဖြစ်ပွားလာနေပြီဖြစ်သည်။ အဆိုပါ ဒေသ သည် ယခင်ကတည်းက အစ္စလာမ်မစ် ပုန်ကန်ထကြွမှုနှင့် ရင်ဆိုင်နေရသည့် ရပ်ဝန်းတစ်ခု လည်း ဖြစ်သည်။

ပြီးခဲ့သည့် သီတင်းပတ်က သံခင်းတမန်ခင်း ဆွေးနွေးမှုများ ရပ်တန့်သွားခြင်းနှင့်အတူ Ecowas သည် အသင့်အနေအထားရှိသော စစ်အင်အားကို အသက်သွင်းထားကာ လက်ရှိ ဆွေးနွေးပွဲများ မအောင်မြင်ပါက နောက်ဆုံးအားကိုးရာအဖြစ် စစ်မျက်နှာ ဖြန့်မည်ဟု ကြေညာထားသည်။ 

ယခုအချိန်တွင် Ecowas သည် နိုင်ဂျာ စစ်အစိုးရ နှင့် ဆက်လက်ညှိနှိုင်းမှုများ ပြုလုပ်ရန် ကြိုးပမ်းလျက်ရှိသည်။ ဩဂုတ် ၁၂ရက်နေ့ တွင် ပါလီမန်အနေနှင့် Ecowas ၏ အလှည့်ကျဥက္ကဋ္ဌတာဝန်ကို ထမ်းဆောင်နေသော နိုင်ဂျီးရီးယား သမ္မတ တင်နူဘူ အား နိုင်ဂျာသို့ သွားခွင့်ပြုရန် တောင်းဆိုခဲ့ကြောင်း Ecowas ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

ခုသာခံသာ ထောက်ခံမှုများ

မာလီ၊ ဘာကီနာဖာဆို နှင့် ဂီနီ နိုင်ငံများ၏ သက်ဆိုင်ရာ စစ်အာဏာရှင်များသည် နိုင်ဂျာ၏ အာဏာသိမ်း စစ်ခေါင်းဆောင်များကို ထောက်ခံကြောင်း ထုတ်ဖော်ပြောဆိုထားသောကြောင့် Ecowas ၏ စစ်ရေးအရ ဝင်ရောက်စွက်ဖက်မှု မှန်သမျှသည် ဒေသတွင်း ဆက်ဆံရေးကို ပိုမိုတင်းမာစေနိုင်သည်။

စနေနေ့တွင် ဗိုလ်ချုပ်ကြီး တီယာနီ သည် ၎င်း၏ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူဆာ ဆာလာအူ ဘာမိုအူ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဂီနီနိုင်ငံ ၏ မြို့တော် ကိုနက်ခရီ သို့ စေလွှတ်ခဲ့ပြီး ၎င်းတို့အား ထောက်ခံအားပေးမှုအတွက် ခေါင်းဆောင်များအား ကျေးဇူးတင်ရှိကြောင်း ဖော်ပြခဲ့သည်။ အဆိုပါ ပြယုဂ်သည် ဒေသတွင်းနှင့် အခြားသော ဒေသများနှင့် မဟာမိတ် ဆက်ဆံရေးကို အခိုင်အမာ တည်ဆောက်လိုသည့် နိုင်ဂျာ စစ်အစိုးရ၏ ဆန္ဒကို ပြသနေသည်။

“ကျွန်တော်တို့က အာဖရိကန်တွေပါ။ ကျွန်တော်တို့ လူမျိုးတွေ ပြဿနာတွေ ကြုံလာတဲ့အခါ ကျွန်တော်တို့ အမြဲတမ်း ရှိနေမှာ ဖြစ်ပြီး ရှေ့လျှောက်လည်း ကျွန်တော်တို့ အမြဲတမ်း ရှိနေမှာပါ” ဟု ဂီနီ သမ္မတ မစ္စတာ မာမာဒီ ဒူးမ်ဘူယာက တွေ့ဆုံပွဲတစ်ခုတွင် ပြောကြားခဲ့ကြောင်း ၎င်း၏ သမ္မတအဖြစ် ရာထူးရယူခဲ့ပြီးနောက် စနေနေ့ ညနှောင်းပိုင်းတွင် မျှဝေထားသည့် ဗီဒီယို တစ်ခုအရ သိရသည်။

မာလီ နှင့် ဘာကီနာဖာဆို နိုင်ငံများကမူ  နိုင်ဂျာကို ကာကွယ်ရန် ကူညီမည် ဟု ထုတ်ဖော်ပြောကြားထားပြီး ဖြစ်သည်။

ယခုအခြေအနေသည် ယူရေနီယံ အဓိက ထုတ်လုပ်သူနှင့် အစ္စလာမ်မစ်ဝါဒီများကို တိုက်ထုတ်ရာတွင် အနောက်တိုင်း မဟာမိတ်ဖြစ်သည့် နိုင်ဂျာ၏ ကံကြမ္မာသာမက ဒေသတွင်း မဟာဗျူဟာအရ အကျိုးစီးပွားများအပေါ်  ပြိုင်ဘက်ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏ သြဇာလွှမ်းမိုးမှု ကိုပါ လောင်းကြေး ထပ်ထားသလို ဖြစ်နေသည်။

အယ်လ်ကေးဒါအဖွဲ့၊ အီရတ်နှင့် ဆီးရီးယားရှိ အစ္စလာမ္မစ်အဖွဲ့ကို ထောင်နှင့်ချီ၍ သေဆုံးစေကာ သန်းပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်စေသည့် ဒေသ ဖြစ်သော နိုင်ဂျာတွင်  အမေရိကန်၊ ပြင်သစ်၊ ဂျာမန်နှင့် အီတလီ တပ်ဖွဲ့များသည် တပ်စွဲထားသည်။

တစ်ချိန်တည်းတွင် မလုံခြုံမှုများ တိုးလာသလို ဒီမိုကရေစီ ဆုတ်ယုတ်လာသည်နှင့်အမျှ ရုရှား၏ ဩဇာလွှမ်းမိုးမှု ကြီးထွားလာကာ အာဖရိကဒေသတွင်း ခေါင်းဆောင်များက တည်ငြိမ်မှု ပြန်လည်ရရှိရန် မိတ်ဖက်သစ်များ ရှာဖွေနေကြသည်။

ထိုနိုင်ငံများတွင် အာဏာသိမ်းပြီးနောက် အာဏာသိမ်းမှုများအပြီး ကိုလိုနီဟောင်း ပြင်သစ်၏ တပ်များကို တိုက်ထုတ်ခဲ့သည့်  မာလီနှင့် ဘာကီနာဖာဆို နိုင်ငံများ၏ ခြေရာ ကို နိုင်ဂျာရှိ စစ်အာဏာရှင်များသည် အမီလိုက်လာပါက ရုရှား၏ သြဇာအာဏာ တိုးလာမည်ကို အနောက်အင်အားကြီးနိုင်ငံများက စိုးရိမ်နေကြသည်။

ဘာသာပြန် – ဒါလီ

Niger junta open to diplomacy, says Nigerian delegation by Reuters, published on the Straits Times ဆောင်းပါး ကို ဘာသာပြန်ဆိုရေးသားသည်။