တစ်ပတ်အတွင်း ကမ္ဘာ့ရေးရာ

0
1395

ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

ဩဂုတ်လ ၁၂ ရက်နေ့မှ ဩဂုတ်လ ၁၈ ရက်နေ့အထိ

ရုရှားသုံး ရူဘယ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေ

ရုရှားနိုင်ငံသုံးငွေ ရူဘယ်တန်ဖိုးက ယူကရိန်းစစ်ပွဲ စတင်ကတည်းကဆိုရင် အနိမ့်ဆုံးကို ကျဆင်းသွားခဲ့ပါတယ်။

ဒါကြောင့် ဗဟိုဘဏ်က ဩဂုတ်လ ၁၅ ရက်နေ့မှာ အရေးပေါ်အစည်းအဝေး ခေါ်ဆိုလိုက်ပြီး အတိုးနှုန်းကို ပြန်လည်သုံးသပ်ဖို့ ပြောဆိုခဲ့ရပါတယ်။

စွမ်းအင်နဲ့ပတ်သက်တဲ့ ပို့ကုန်တွေကို အနောက်နိုင်ငံတွေက ပိတ်ဆို့အရေးယူထားချိန် စစ်အသုံးစရိတ်များလာချိန် ရူဘယ်တန်ဖိုးက ကျဆင်းလာတာပါ။

ဩဂုတ်လ ၁၄ ရက်နေ့က အမေရိကန် ၁ ဒေါ်လာမှာ ရုရှား ရူဘယ်ငွေ ၁၀၀ ကျော်သွားခဲ့ပြီး ယခုနှစ်စနဲ့နှိုင်းလိုက်ရင် တန်ဖိုးငွေ ၃၀ ရာနှုန်းအထိ ကျသွားခဲ့တာဖြစ်ပါတယ်။

ဒါဟာ ၁၇ လအတွင်း အနိမ့်ဆုံးကို ရောက်ရှိသွားခဲ့တာဖြစ်ပြီး ဗဟိုဘဏ်ကြေညာချက်ထွက်ပြီးနောက်တော့ အနည်းငယ် ပြန်တက်ခဲ့ပါတယ်။

Ref: The Washington Post

………………………………..

အမေရိကန်တွင် ခရီးတစ်ထောက်ဝင်နားခဲ့သော ထိုင်ဝမ်က တရုတ်ခြိမ်းခြောက်မှုကို မကြောက်ဟုဆို

အမေရိကန်မှာ ခရီးဝင်နားခဲ့သော ထိုင်ဝမ်ဟာ တရုတ်ခြိမ်းခြောက်မှုကြောင့် ကြောက်သွားမှာမဟုတ်ဘူးလို့ ဒုတိယသမ္မတ ဝီလီယံ လိုင် (William Lai) က ပြောကြားလိုက်ပါတယ်။

ပါရာဂွေးသမ္မတအသစ်ရဲ့ ကျမ်းကျိန်ပွဲတက်ဖို့အသွား နယူးယောက်မြို့မှာ ခရီးတစ်ထောက်ဝင်နားခဲ့တာပါ။

ဒါကို နောက်တစ်ရက် ဩဂုတ်လ ၁၃ ရက်နေ့ နေ့လယ်စာစားပွဲမှာ ပြောကြားလိုက်ခြင်းဖြစ်ပါတယ်။

တရုတ်က ဘယ်လိုပဲ ခြိမ်းခြောက် ခြိမ်းခြောက် ကျနော်တို့က ကြောက်မှာလည်း မဟုတ်ဘူး။ ဒီမိုကရေစီနဲ့ လွတ်လပ်ခွင့်တန်ဖိုးတွေကို ဆက်လက် ကိုင်စွဲသွားမှာဖြစ်တယ်လို့ ဆိုခဲ့ပါတယ်။

တရုတ်က ထိုင်ဝမ်ကို သူ့ရဲ့ အချုပ်အခြာအာဏာအောက်က နယ်မြေတစ်ခုအနေနဲ့ သတ်မှတ်ထားပြီး အခုလို ဝင်ရောက်တဲ့ ခရီးကိုလည်း တရုတ်က ဝေဖန်ထားပါတယ်။

Ref: CNN

………………………………..

ဟာဝိုင်အီကျွန်း တောမီးကြောင့် သေဆုံးသူ ၁၀၀ ကျော်လာ

အမေရိကန်ပြည်ထောင်စု Hawaii ပြည်နယ် Maui ကျွန်းမှာလောင်ခဲ့တဲ့ တောမီးကြောင့် သေဆုံးသူအရေအတွက် ၁၀၀ ကျော်လာခဲ့ပြီဖြစ်ပါတယ်။

လက်ရှိအချိန်အထိ သေဆုံးသူ ၁၁၁ ဦးရှိလာပြီး လာမယ့် ၁၀ ရက်အတွင်းမှာ သေဆုံးသူအရေအတွက် ၂ ဆအထိ ဖြစ်သွားနိုင်တယ်လို့ အာဏာပိုင်တွေက ဆိုထားပါတယ်။

ပြီးခဲ့တဲ့အပတ် ဩဂုတ်လ ၈ ရက်နေ့က စတင်လောင်ခဲ့တဲ့ တောမီးလောင်မှုဟာ ရာစုနှစ်တစ်ခုအတွင်း အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံးမီးလောင်မှုဖြစ်ခဲ့ပါတယ်။

အဓိက လောင်ကျွမ်းခံရတဲ့မြို့က Lahaina မြို့ဖြစ်ပြီး ယခုအချိန်အထိ ၄ ပုံ ၁ ပုံသာ ရှာဖွေစစ်ဆေးမှုတွေလုပ်ဆောင်နိုင်သေးကာ ဆက်လက်ရှာဖွေဖို့ လိုအပ်နေဆဲပါ။

မီးလောင်ထားတဲ့ ရာနဲ့ချီတဲ့အိမ်တွေ မော်တော်ကားတွေကို ကယ်ဆယ်ရေးဝန်ထမ်းတွေက အနံ့ခံခွေးတွေနဲ့ လိုက်လံ ရှာဖွေခဲ့ရပါတယ်။

ကျွန်းပေါ်မှာရှိတဲ့ သမိုင်းဝင် ကမ်းခြေမြို့ Lahaina မြို့ တစ်မြို့လုံးနီးပါး မီးထဲပါသွားခဲ့ပြီး ကြိုတင် သတိပေးမှု လုံးဝ မရှိခဲ့ဘူးလို့ ဆိုထားပါတယ်။

Ref: CNN

………………………………..

အမေရိကန်စစ်သားက လူမျိုးရေးခွဲခြားခံရလို့ ထွက်ပြေးလာဟု မြောက်ကိုးရီးယားဆို

မြောက်ကိုရီးယား နယ်ထဲ ပြေးဝင်သွားခဲ့တဲ့ အမေရိကန် စစ်သား Travis King ဟာ အမေရိကန်စစ်တပ်အတွင်း လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ လူမျိုးရေး ခွဲခြားမှုတွေကြောင့်လို့ နိုင်ငံပိုင်သတင်းက ကြေညာခဲ့ပါတယ်။

ဒါကြောင့် မြောက်ကိုရီးယားနိုင်ငံမှာ ခိုလှုံချင်လို့ လာရောက်တာ ဖြစ်တယ်လို့ ဆိုထားတာပါ။

သူဟာ ဇူလိုင်လ ၁၇ ရက်နေ့တုန်းက တောင်ကိုရီးယားဘက်ကနေ ဖြတ်ပြီး ပြေးဝင်လာခဲ့တာကို မြောက်ကိုရီးယားဘက်က ပထမဆုံးအကြိမ် ဝန်ခံပြီး ကြေညာခဲ့တာဖြစ်ပါတယ်။

King ဟာ အမေရိကန် လူ့အဖွဲ့အစည်းကို စိတ်ပျက်နေတဲ့သူ ဖြစ်ပြီး လက်ရှိ ကိုရီးယား ပြည်သူ့စစ်တပ်က စောင့်ကြည့်စစ်ဆေးနေတယ်လို့ ကြေညာထားပါတယ်။

Ref: NK News

………………………………..

တရုတ်တွင် အလုပ်လက်မဲ့လူငယ်တွေ များလာ

တရုတ်နိုင်ငံမှာ လူငယ်တွေ အလုပ်ရှာမရတဲ့ကိစ္စနဲ့ပက်သက်လို့ အင်တာနက်ပေါ် ဆွေးနွေးမှုတွေ များပြားလာနေခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ အစိုးရက ဩဂုတ်လအတွက် အလုပ်လက်မဲ့ကိန်းဂဏန်းတွေကို ထုတ်ပြန်ဖို့ ဆိုင်းငံ့ထားလိုက်ပါတယ်။

အလုပ်အကိုင်ပြဿနာတွေထဲမှာ အလုပ်ရှာမရတာအပြင် လုပ်ခစာနည်းတဲ့ အလုပ်တွေကိုလည်း လူငယ်တွေ စိတ်မဝင်စားတာ လစာအတန်အသင့်ရပေမယ့်လည်း အလုပ်အချိန်များတာတွေလည်း ပါဝင်နေပါတယ်။

၂၀၂၃ ခုနှစ် ဧပြီလစစ်တမ်းအရ တရုတ်ပြည်တွင် လူငယ်အလုပ်လက်မဲ့နှုန်းက ၂၀ ရာခိုင်နှုန်းကျော်ရှိနေပြီး ၂၀၁၈ နောက်ပိုင်း အဆိုးရွားဆုံးဖြစ်နေခဲ့ပါတယ်။

မေလနဲ့ ဇူလိုင်လမှာ လူငယ်အလုပ်လက်မဲ့နှုန်း တဖြေးဖြေး တိုးလာနေခဲ့ပြီး ဩဂုတ်လအတွက် ထုတ်ပြန်ဖို့ ဆိုင်းငံ့ထားလိုက်ပါတယ်။

Ref: BBC

………………………………..

အာဂျင်တီးနားမှာ ဘတ်စ်ကားတစ်စီး လမ်းမပေါ်မီးလောင်

အာဂျင်တီးနားနိုင်ငံ Buenos Aires မြို့အဝေးပြေးလမ်းမပေါ်မှာ ဩဂုတ်လ ၁၆ ရက်နေ့က ဘတ်စ်ကားတစီး ရုတ်တရက်မီးလောင်ခဲ့ပါတယ်။

ဘတ်စ်ကားတစ်စီး မီးလောင်လို့ ခရီးသည်တွေ အလန့်တကြားဆင်းပြေးကြရတာပါ။

လူတွေအားလုံးဆင်းပြီးမှ ကားတစ်စီးလုံးမီးလောင်သွားလို့ ကံကောင်းစွာနဲ့ လူထိခိုက်မှုမရှိခဲ့ပါဘူး။

ဒါပေမဲ့လည်း လမ်းမပေါ် ဆီတွေယိုကျလို့ တစ်လမ်းလုံး မီးကူးကုန်ပါတယ်။

Ref: Fox News

………………………………..

နိုင်ဂျာအာဏာသိမ်းမှုကို ECOWAS အဖွဲ့က စစ်ရေးအရ ဖြေရှင်းရန် အသင့်ဟုဆို

နိုင်ဂျာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု ပြန်မရုပ်သိမ်းရင် အာဖရိကဒေသ စီးပွါးရေးပူးပေါင်းဆောင်ရွက်တဲ့ECOWAS အဖွဲ့အနေနဲ့ စစ်ရေးအရ ဝင်ဖြေရှင်းပေးဖို့အသင့်ဖြစ်ကြောင်း ကြေညာလိုက်ပါတယ်။

နိုင်ဂျာအရေး ဂါနာနိုင်ငံက ဆွေးနွေးပွဲမှာ ကော်မရှင်နာမင်းကြီးက အဖွဲ့ဝင်နိုင်ငံက စစ်ဗိုလ်ချုပ်ကြီးတွေကိုပြောကြားခဲ့တာပါ။

နိုင်ဂျာနိုင်ငံမှာ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ပြန်လည် အုပ်ချုပ်မှုရှိစေဖို့ နည်းလမ်းအားလုံးကို သုံးရမှာဖြစ်တယ်လို့ ဆိုထားပါတယ်။

နိုင်ဂျာသမ္မတ Mohamed Bazoum ကို အာဏာသိမ်းစစ်တပ်အရာရှိတွေက ဖြုတ်ချပြီး ဖမ်းဆီးထားဆဲ ဖြစ်ပါတယ်။

ကုလသမဂ္ဂနဲ့ အနောက်အင်အားကြီး နိုင်ငံတွေကပါ သမ္မတကို အာဏာပြန်အပ်နှင်းဖို့ တိုက်တွန်းနေပေမယ့် အခုချိန်အထိ ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

Ref: Aljazeera

………………………………..

ကုန်တင်သင်္ဘောတွေကို မနှောင့်ယှက်ဖို့ ရုရှားကို တူရကီက သတိပေး

ပင်လယ်နက်မှာ ဖြတ်သန်းသွားလာနေတဲ့ ကုန်တင်သင်္ဘောတွေကို ရုရှားတပ်တွေက ဟန့်တား စစ်ဆေးနေမယ်ဆိုရင် တင်းမာမှုတွေနဲ့ ရင်ဆိုင်ရမယ်လို့ တူရကီသမ္မတရုံးက ဩဂုတ် ၁၇ ရက်က သတိပေးလိုက်ပါတယ်။

ဩဂုတ် ၁၃ ရက်က တူရကီကုမ္ပဏီပိုင် Sukra Okan သင်္ဘောကို ရုရှားတပ်တွေက ဟန့်တားစစ်ဆေးတဲ့ကိစ္စနဲ့ပက်သက်လို့ တူရကီအစိုးရက သတိပေးချက် ထုတ်ပြန်ခဲ့တာပါ။

ရုရှားတပ်တွေ စစ်ဆေးခဲ့တဲ့နေရာဟာ ရုရှားရေပြင်ပိုင်နက် မဟုတ်ဘဲ နိုင်ငံတကာ ရေပြင်ပိုင်နက်ဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

ဒါဟာ နိုင်ငံတကာရေပြင်မှာ တင်းမာမှုတွေ ဖြစ်လာနိုင်တဲ့ လုပ်ရပ်တွေ ရှောင်ရှားဖို့ ရုရှားကို သတိပေးလိုက်ခြင်းဖြစ်ပါတယ်။

Ref: Alarabiya News

………………………………..

ရုရှားဓာတ်ဆီဆိုင် မီးလောင်မှု အနည်းဆုံး ၃၅ ဦးသေဆုံး

ရုရှားနိုင်ငံ တောင်ပိုင်း ဒါကစ်စတန် (Dagestan) ဒေသမှာ ဓါတ်ဆီဆိုင်တစ်ဆိုင် မီးလောင်ခဲ့တဲ့အတွက် အနည်းဆုံး လူ ၃၅ ဦး သေဆုံးသွားခဲ့ပါတယ်။

အဝေးပြေးလမ်းဘေး ကားပြင်ဆိုင် တစ်ဆိုင်မှာ ဩဂုတ်လ ၁၃ ရက်နေ့က လောင်ကျွမ်းခဲ့တာဖြစ်ပြီး သေဆုံးသူတွေထဲမှာ ကလေးငယ် ၃ ဦးလည်း ပါဝင်နေခဲ့တာပါ။

ကားပြင်ဆိုင်ကနေ အနီးနား ဓါတ်ဆီဆိုင်ကို မီးကူးစက်ခဲ့ပြီး လူတွေ ထိခိုက်သေဆုံးခဲ့တာဖြစ်ပါတယ်။

ထိခိုက်ဒဏ်ရာရသူ ၆၅ ဦးထဲမှာ ကလေးငယ် ၁၆ ဦးလည်း ပါဝင်နေပြီး ၁၁ ဦးကတော့ စိုးရိမ်ရအခြေအနေရှိနေဆဲဖြစ်ပါတယ်။

Ref: AP

………………………………..

အမျိုးသမီး ကမ္ဘာ့ဖလားဗိုလ်လုပွဲ စပိန်နှင့် အင်္ဂလန် ယှဉ်ပြိုင်ကစားမည်

ကိုးကြိမ်မြောက် အမျိုးသမီးကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲကို စပိန်နှင့် အင်္ဂလန် တို့ လာမည့် ဩဂုတ်လ ၂၀ ရက်နေ့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။

အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို သြစတြေးလျနဲ့ နယူးဇီလန် နှစ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတာပါ။

ဒါကြောင့် သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာ ပထမဆုံးအကြိမ်အဖြစ် အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲကို ယှဉ်ပြိုင်ကစားကြရတော့မှာ ဖြစ်ပါတယ်။

ဒီဗိုလ်လုပွဲဟာ ၂၀၀၃ ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် ဥရောပ နှစ်သင်းတွေ့ကြမယ့် ဗိုလ်လုပွဲ ဖြစ်လာခဲ့ပါတယ်။

အိမ်ရှင် သြစတြေးလျအသင်းကတော့ တတိယနေရာအတွက် ဘရစ္စဘိန်းမြို့မှာ ဆွီဒင်နဲ့ ဩဂုတ်လ ၁၉ ရက်နေ့မှာ ကစားရမှာဖြစ်ပါတယ်။

Ref: Olympics

………………………………..