ထိုင်း ကန်ချနဘူရီတွင် ကားတိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရ

0
1319

ထိုင်းနိုင်ငံ ကန်ချနဘူရီခရိုင်တွင် အရှေ့ကမောင်းနှင်နေသော ၁၀ ဘီးတပ် သစ်တင်ကားကို ပစ်ကပ်ကားက အနောက်က ဝင်တိုက်မှုကြောင့် မြန်မာတစ်ဦးသေဆုံးခဲ့ပြီး ငါးဦးပြင်းထန်ဒဏ်ရာရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ကန်ချနဘူရီမြို့ ခရိုင်ပို့ဆောင်ရေးရုံးရှေ့ အဝေးပြေးလမ်းမပေါ်တွင် ဩဂုတ်လ ၁၆ ရက်နေ့ နံနက် ၅ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်းသည်ဟုဆိုသည်။

 ၁၀ ဘီးတပ် သစ်တင်ကားကို အရှိန်ဖြင့် ဝင်တိုက်ခဲ့ပြီးနောက် ပစ်ကပ်ကား၏ အရှေ့ပိုင်း လုံးဝပျက်စီးသွားသည့် အနေအထားဖြင့် ရပ်တန့်သွားကြောင်း ဖော်ပြထားသည်။

ပစ်ကပ်ကား အရှေ့ခန်းတွင် လိုက်ပါလာသော မြန်မာအမျိုးသမီးတစ်ဦးသည် အသက် ၆နှစ်အရွယ် ကလေးငယ်ကို ချီလျက်သေဆုံးနေပြီး ကလေးငယ်မှာလည်း သတိလစ်နေကြောင်း ရေးသားထားသည်။

ကားထဲတွင် ပိတ်မိနေသည့် မြန်မာကားသမားနှင့် ကျန်မြန်မာအလုပ်သမားတို့ကို ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေး အဖွဲ့များက ဖြတ်စက်များအသုံးပြုကာ ကယ်ထုတ်ခဲ့ရကြောင်း ဆိုသည်။

မြန်မာနိုင်ငံသား ကားသမားကလည်း အပြင်းအထန် ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ရှေးဦးပြုစုပေးခဲ့ကာ အနီးရှိ ဆေးရုံသို့ ချက်ချင်းပို့ဆောင်ခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် စမွတ်စခွန်ခရိုင်တွင် လုပ်ကိုင်နေကြသူများဖြစ်ကြောင်း ဖော်ပြသည်။  

သစ်တင်ကားမောင်းသူ၏ ပြောကြားချက်အရ ကားအနောက်ကို ဝင်တိုက်သည့်အသံ တစ်ခုကြားသဖြင့် ကားကို လမ်းဘေးရပ်ပြီး ဆင်းကြည့်ခဲ့ရာ ပစ်ကပ်ကားက ကားအရှေ့ပိုင်းလုံးဝပျက်စီးသွားခဲ့သည်ကို တွေ့ရကြောင်း သတင်းများတွင် ရေးသားထားသည်။

ယင်းနောက် ရဲတပ်ဖွဲ့ကို အကြောင်းကြားခဲ့သည်ဟုဆိုသည်။  

အနီးရှိ CCTV မှတ်တမ်းများအရ ပစ်ကပ်ကားသည် သစ်တင်ကားအနောက်ကို အရှိန်ဖြင့် ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ပစ်ကပ်ကားမောင်းသမားက အိပ်ငိုက်နေပုံရသည်ဟု ရဲတပ်ဖွဲ့က ကနဦး ကောက်ချက်ချထားကြောင်း ဖော်ပြသည်။

ပစ်ကပ်ကားမောင်းသူ ဒဏ်ရာသက်သာလာပါက ဆက်လက်စစ်ဆေးမေးမြန်းသွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

ပြီးခဲ့သော ဩဂုတ် ၆ ရက်နေ့ကလည်း ထိုင်းနိုင်ငံတောင်ပိုင်း စူရတ်ဌာနီခရိုင် ကော့ဖငန်းကျွန်းတွင် ဆောက်လုပ်ရေး လုပ်ငန်းသွား ကားတစ်စီး တိမ်းမှောက်ခဲ့သဖြင့် မြန်မာအလုပ်သမား ခြောက်ဦးသေဆုံးခဲ့ပြီး ၁၅ ဦးဒဏ်ရာရရှိခဲ့ သေးသည်။

Ref: Naewna, MGR Online, Nation TV