အလှုပ်အရမ်းများသော တနင်္သာရီနတ်ကိုင်း

0
1886

အာဏာသိမ်းပြီး ရက်ပေါင်း ၉၀၀ ကျော်လာချိန်အထိ ထိန်းချုပ်နိုင်စွမ်းမဲ့နေသည့် စစ်ကောင်စီသည် တောင်ပိုင်းတနင်္သာတိုင်းတွင် ဖြုတ်ထုတ်လုပ်ပြီး ကစားပွဲဗျူဟာ ပြောင်းလဲလာသည်။

စစ်ဌာနချုပ် ဒုတိုင်းမှူး၊ လုံနယ်ဝန်ကြီး၊ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှူးတို့ကို ဖြုတ်ထုတ်လုပ်ပြီး လူပြောင်းကစားလာခြင်း ဖြစ်သည်။ အလှုပ်အရမ်းများသော တနင်္သာရီနတ်ကိုင်းတွင် အုပ်စိုးသူတို့ မကြာခဏ အပြောင်းအလဲ လုပ်လေ့ရှိပြီး ယင်းနှင့် ပတ်သက်၍ ဆက်စပ်အကြောင်းအရာများကိုပါ ကောက်ကြောင်းခြစ်ထားပါသည်။

ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သစ်လွင်ထူး၊ အမှတ် (၂၀) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ဝင်းကျော်သူနှင့် တနင်္သာရီတိုင်း လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းတို့ကို ဇူလိုင်လ ၂၆ ရက်နေ့က ဖမ်းဆီးခဲ့သည်ဟု ပြည်တွင်းသတင်းများက ဖော်ပြသည်။

အတည်မပြုနိုင်သည့် သတင်းများအရ အဆိုပါစစ်ဘက်အရာရှိသုံးဦး ဖမ်းဆီးစစ်ဆေးခံရခြင်းမှာ ထားဝယ်မြို့ရှိ အစိုးရဝန်ကြီးများအိမ်ရာ လက်နက်ကြီးဖြင့် အကြိမ်ကြိမ်အပစ်ခံရခြင်း အပါအဝင် စစ်ရေးထိန်းချုပ်နိုင်မှုမရှိခြင်းနှင့် အဂတိလိုက်စားမှုများကြောင့်ဟု ဆိုသည်။ အခြား ဆက်စပ်နေနိုင်သော အကြောင်းအရာ တစ်ခုမှာ ထားဝယ်ထောင်တွင်း မူးယစ်ဆေးနှင့် လက်ကိုင်ဖုန်းများ ဖမ်းမိခြင်း ဖြစ်သည်။

လက်ရှိတွင် စစ်ဘက်ထိပ်ပိုင်းအရာရှိသုံးဦးအဖမ်းခံရပြီးနောက် မြိတ်မြို့မှ ခရိုနီလုပ်ငန်းရှင် ၆ ဦးကိုလည်း စစ်ကောင်စီက စစ်ဆေးနေကြောင်း DVB သတင်းဌာနတွင် ဖော်ပြသည်။

မြိတ်အများပိုင်ကုမ္ပဏီ အကြီးအကဲ ဦးလှသန်း၊ အိုကေ ဆန်ရောင်းဝယ်ရေးပိုင်ရှင် ဦးမောင်ထွေး၊ ဦးမင်းသူရ၊ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးသက်စိုး၊ ဦးဝင်းထိန်နှင် ဦးဖိုးစိန် (ဖိုးလမင်းကုမ္ပဏီ) တို့ ဖြစ်သည်။

စစ်ကောင်စီက ဖမ်းဆီးအရေးယူထားသည့် လုံနယ်ဝန်ကြီး၏ လာဘ်ပေးလာဘ်ယူမှုနှင့် ပတ်သက်၍ ယင်းခရိုနီလုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးခြင်းဖြစ်ဟုဆိုသည်။

ယင်းခရိုနီများနှင့် နီးစပ်သူများကို မေးမြန်းရာတွင် ဖမ်းဆီးထားခြင်းမျိုးမဟုတ်ဘဲ ထားဝယ်မြို့သို့ အကြိမ်ကြိမ် ခေါ်ယူစစ်ဆေး နေခြင်းဖြစ်ပြီး မကြာခဏ ထားဝယ်မြို့သို့ သွားရောက်ကာ အစစ်ဆေးခံနေရကြောင်း သိရသည်။

ခြေစွမ်းမပြနိုင်သူများကို အပြောင်းအလဲလုပ်ခြင်း

အာဏာသိမ်းပြီး ရက်ပေါင်း ၉၀၀ ကျော်လာသည့် ကစားပွဲတွင် စစ်ဘက်ထိပ်ပိုင်းခေါင်းဆောင်သုံးဦးအပါအဝင် တနင်္သာရီတိုင်းအတွင်း ထိပ်ပိုင်းအဆင့်တာဝန်ယူထားသူ အနည်းဆုံး ၈ ဦးကို စစ်ခေါင်းဆောင်က အပြောင်းအလဲလုပ်ခဲ့သည်။

ဝန်ကြီးချုပ်တစ်ဦး၊ လုံနယ်ဝန်ကြီး လေးဦး၊ လဝကဝန်ကြီး တစ်ဦး၊ ကမ်းရိုးတန်းတိုင်းတိုင်း ဒုစစ်တိုင်းမှူးတစ်ဦး၊ စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်မှူးတစ်ဦးကို ‘ဖြုတ်ထုတ်ပြောင်း’ လုပ်ထားသည်။

စစ်ကောင်စီသည် ထိပ်ပိုင်းများကို ဖြုတ်ထုတ်လုပ်ပြီး ဘောလုံးပွဲအသုံးအနှုန်းအရ လူအပြောင်းအလဲလုပ်ပြီး ပွဲချိန်ပြည့်ကစားရန် ပြင်ဆင်လာသည်။

ထိုအထဲတွင် ‘ဖြုတ်ထုတ်ပြောင်း’ ဟု ဆိုနိုင်သည့် ရာထူးဖြုတ်ခြင်း၊ နေရာပြောင်းရွေ့ခြင်း၊ ဖမ်းဆီးစစ်ဆေးခြင်း ခံရသူက အများစုဖြစ်သည်။

နတ်ကြီးသည့် တောင်ပိုင်းဝန်ကြီးချုပ်

ကြံ့ခိုင်ရေးအစိုး၊ NLD အစိုးရ အပါအဝင် လက်ရှိစစ်ကောင်စီလက်ထက်တိုင်အောင် ဝန်ကြီးချုပ်သက်တမ်းစေ့ မရှိခဲ့ဖူးဘဲ အစိုးရသက်တမ်းတစ်ခုတွင် ဝန်ကြီးချုပ်နှစ်ဦးဖြစ်လေ့ရှိသည်။

ဦးသိန်းစိန်အစိုးရလက်ထက်တွင် ပထမဆုံး ဘောင်းဘီချွတ်ဝန်ကြီးချုပ်ဖြစ်သူ ဦးခင်ဇော်(ဒုတိယဗိုလ်ချုပ်ကြီးဟောင်း) မှာ တာဝန်ထမ်းဆောင်ပြီး လအနည်းငယ်အကြာတွင် အနားပေးခံလိုက်ရသည်။

အဂတိလိုက်စားမှု၊ နိုင်ငံပိုင်မြေကို ကိုယ်ကျိုးအတွက်ရောင်းချမှု အစရှိသည့် အကြောင်းအရင်းများကြောင့် ရာထူးမှ အနားပေးခံလိုက်ရသည်။ သို့သော် ယင်းအချိန်က တရားဝင်ထုတ်ပြန်ခဲ့ခြင်းမရှိပေ။

၎င်းအနားပေးခံရပြီးနောက် ကြံ့ခိုင်ရေးပါတီမှ ဦးမြတ်ကို (လက်ရှိစစ်ကောင်စီခန့်ဝန်ကြီးချုပ်) ဝန်ကြီးချုပ်ဖြစ်လာသည်။

NLD အစိုးရလက်ထက်တွင်လည်း ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော်သည် တာဝန်ထမ်းဆောင်ပြီး သက်တမ်းတစ်ဝက်ခန့်မှာပင် အဂတိလိုက်စားမှုကြောင့် တရားစွဲခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသည်။ ထိုနောက် လက်ရှိ စစ်ကောင်စီက ဖမ်းဆီးထောင်ချထားသည့် ဦးမြင့်မောင်က ဝန်ကြီးချုပ်ဖြစ်လာသည်။

အာဏာသိမ်းစစ်ကောင်စီလက်ထက်တွင်လည်း တိုင်းတရားသူကြီးချုပ်ဟောင်းဖြစ်သူ ဦးတင်အောင်က စစ်ကောင်စီခန့်ဝန်ကြီးချုပ်ဖြစ်လာသည်။

ထိုနောက် မကြာမီမှာပင် ရာထူးမှအနားပေးခံရပြီး ကြံ့ခိုင်ရေးလက်ထက်ဝန်ကြီးချုပ်လုပ်ခဲ့သည့် ဦးမြတ်ကိုအား ဝန်ကြီးချုပ်အဖြစ် စစ်ခေါင်းဆောင်က ပြန်ခန့်ခဲ့သည်။ ဗိုလ်မှူးကြီးဟောင်းဖြစ်သူ ဦးမြတ်ကိုမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရင်းနှီးသူဖြစ်ပြီး အစ်ကိုကြီး ညီလေး ဆက်ဆံရေးရှိသူ၊ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက် ခြေစွမ်းပြနိုင်သူဖြစ်သည်။

အာဏာသိမ်းပြီး ရက်ပေါင်း ၉၀၀ အတွင်း လုံနယ်ဝန်ကြီး လေးဦးအထိ ပြောင်းလဲ

အာဏာသိမ်းပြီး ရက်ပေါင်း ၉၀၀ ကျော်အတွင်း လုံနယ်ဝန်ကြီးလေးဦးအထိ စံချိန်တင်အပြောင်းအလဲလုပ်ခဲ့သည်။

၂၀၂၁ ဖေဖော်ဝါရီ အာဏာသိမ်းချိန်က လုံနယ်ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးကျော်ဇေယျက တာဝန်ယူထားချိန်ဖြစ်သည်။

၎င်းသည် NLD အစိုးရလက်ထက်ကတည်းက လုံနယ်ဝန်ကြီးဖြစ်နေသူဖြစ်ပြီး အာဏာသိမ်းပြီးခြောက်လခန့်အကြာတွင် မူလစစ်ဘက်ကို ပြန်ပို့လိုက်သည်။

ထိုနောက် လုံနယ်ဝန်ကြီးအဖြစ် ဗိုလ်မှူးကြီးသက်စိုးအား တာဝန်ပေးပြီး လေးလခန့်အကြာတွင် ၎င်းအား ပြောင်းရွေ့လိုက်ပြန်သည်။

ယင်းနောက် ဗိုလ်မှူးကြီးသိန်းလင်းကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ဒုတိယအပတ်တွင် တာဝန်ထမ်းဆောင်စေခဲ့သည်။

ယခုနှစ် ဇူလိုင်လတွင် ဗိုလ်မှူးကြီးသိန်းလင်းကို ဖမ်းဆီးကာ ဗိုလ်မှူးကြီးမင်းမင်းလတ်ကို ခန့်အပ်တာဝန်ပေးခဲ့ပြန်သည်။

ဗိုလ်မှူးကြီးမင်းမင်းလတ်သည် စစ်တက္ကသိုလ် နည်းပြအရာရှိချုပ်အဖြစ် တာဝန်ယူခဲ့သူဖြစ်သည်။

အစစ်ဆေးခံနေရသည့် ခရိုနီအချို့၏ ကောက်ကြောင်း

စစ်ဘက်ထိပ်ပိုင်းအရာရှိသုံးဦးအဖမ်းခံရပြီးနောက် မြိတ်မြို့မှ ခရိုနီလုပ်ငန်းရှင် ၆ ဦးကိုလည်း စစ်ကောင်စီက ခေါ်စစ်ဆေးနေသည်ဟု ပြည်တွင်းသတင်းများတွင် ဖော်ပြသည်။

မြိတ်အများပိုင်ကုမ္ပဏီ အကြီးအကဲ ဦးလှသန်း၊ အိုကေ ဆန်ရောင်းဝယ်ရေးပိုင်ရှင် ဦးမောင်ထွေး၊ ဦးမင်းသူရ၊ မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်မှ ဦးသက်စိုး၊ ဦးဝင်းထိန်နှင် ဦးဖိုးစိန် (ဖိုးလမင်းကုမ္ပဏီ) တို့ကို စစ်ဆေးနေသည်ဟု ဆိုသည်။

အဆိုပါ ခရိုနီလုပ်ငန်းရှင်အချို့၏ ကောက်ကြောင်းတစ်စိတ်တစ်ပိုင်းနှင့် လုပ်ငန်းအခြေအနေကို လက်လှမ်းမီသမျှ တင်ဆက်လိုက်သည်။

ကျွန်းရှင် ဦးလှသန်း

မြိတ်တစ်ဖက်ကမ်း ပထက်ကျွန်းတစ်ခုလုံးကို နှစ်ရှည်ငှားရမ်းခွင့်ရထားသူဖြစ်သည်။

ထို့အပြင် NLD အပါအဝင် အစိုးရအဆက်ဆက်၏ မျက်နှာသာပေးခြင်းခံရသူအဖြစ် တောင်ပိုင်းသားများက မှတ်ယူထားသူဖြစ်သည်။

ယခင်စစ်အစိုးရအဆက်ဆက်မှ ဒီမိုကရေတစ်ပိုင်း အစိုးရများဖြစ်သည့် ကြံ့ခိုင်ရေးအစိုးရ ၊ NLD အစိုးရနှင့် လက်ရှိစစ်ကောင်စီလက်ထက်တိုင်အောင် အစိုးရအသီးသီးနှင့်ဖက်လှဲတကင်းရှိသည့် ဦးလှသန်းအကြောင်း မသိသူ ခပ်နည်းနည်း။

အဆိုပါ ပထော်ပထက်ကျွန်းပေါ်တွင် လှေဒေါက်လွန်းကျင်း၊ ငါးပုဇွန်အအေးခန်း၊ ငါးအမှုန့်ကြိတ်စက်ရုံ၊ သစ်ခွဲစက် ကမ်းဝေးငါးဖမ်းလှေ စသည့်လုပ်ငန်းများရှိသလို ၎င်း၏အလုပ်သမားများအတွက် ရွာများပင် တည်ထောင်ထားသည်။

ထိုကျွန်းပေါ်ရှိ ရွာများတွင် အသုံးပြုမည့် ရေနှင့် လျှပ်စစ်ကိုလည်း ၎င်းကိုယ်ပိုင်ထုတ်လုပ်ဖြန့်ဖြူးပေးနေသည်။

ယင်းအပြင် မြိတ်ငါးလေလံဈေးအသစ်တည်ဆောက်မည့်ကိစ္စ၊ ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့နယ်အတွင်း ဒီရေတော နေရာများတွင် ပုဇွန်မွေးမြူရေးလုပ်ငန်းများ စသည့်လုပ်ငန်းကြီးများ လုပ်ကိုင်ခွင့် ရရှိထားသူဖြစ်သည်။

ထို့အပြင် အိမ်ရာမြေနှင့် အဆောက်အအုံဆောက်လုပ်ခြင်း၊ ဆီအုန်းလုပ်ငန်း၊ အစိုးရလမ်းတံတား စီမံကိန်းလုပ်ငန်းများ အပါအဝင် BOT စနစ်ဖြင့် လုပ်သည့် လုပ်ငန်းများလည်း ရှိသည်။

မြိတ်အများပိုင်ကုမ္ပဏီ၏ ဥက္ကဋ္ဌ ဖြစ်ပြီး တနင်္သာရီတိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဋ္ဌလည်း ဖြစ်သည်။

မြိတ်ဒေသ ဆန်လက်ဝါးကြီးသမား ဦးမောင်ထွေး

မြိတ်ခရိုင် ဆန်စပါးလုပ်ငန်းရှင်များအသင်းဥက္ကဌတစ်ဦးဖြစ်သလို ‘အိုကေ’ ဆန်စက်နှင့် ဆန်ရောင်းဝယ်ရေး လုပ်ငန်းရှင်တစ်ဦးဖြစ်သည်။

ဦးမောင်ထွေးမှာ ကျွန်းပိုင်ရှင်ဦးလှသန်းကဲ့သို့ပင် စစ်အစိုးရအဆက်ဆက်နှင့် ဒီမိုကရေစီတစ်ပိုင်း အရပ်သားအစိုးရများ လက်ထက်တွင် နာမည်ကြီး ခရိုနီတစ်ဦးအဖြစ် လူသိများသည်။

NLD အစိုးရလက်ထက် အရန်ဆန်ဝယ်ယူရေးကိစ္စတွင်လည်း ဆန်တင်သွင်းခွင့်၊ သိုလှောင်ခွင့်ရရှိခဲ့သူ တစ်ဦးအဖြစ် လူသိများသည်။

တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်စိုး

ဦးသက်စိုးသည် တနင်္သာရီတိုင်း ငါးလုပ်ငန်းအဖွဲ့ချုပ်အတွင်းရေးမှူးဖြစ်ပြီး ကမ်းဝေးငါးဖမ်းလှေများ ပိုင်ဆိုင်သူတစ်ဦး လည်းဖြစ်သည်။

၎င်းသည် မြိတ်အများပိုင်ကုမ္ပဏီနှင့်အခြားသောလုပ်ငန်းများတွင် ဦးလှသန်းနှင့်အတူလက်တွဲလုပ်ကိုင်နေသည့် လုပ်ငန်းရှင် တစ်ဦးဖြစ်သည်။

ဖိုးလမင်း ရော်ဘာကုမ္ပဏီပိုင်ရှင် ဦးဖိုးစိန်

ဦးဖိုးစိန်သည် ဖိုးလမင်း ရော်ဘာရောင်းဝယ်ရေးကုမ္ပဏီပိုင်ရှင်တစ်ဦးဖြစ်ပြီး မြိတ်မြို့နယ် ငါးအင်းကျေးရွာတွင်‘ခရမ့်’ အမည်ဖြင့် ရော်ဘာချက်စက်ရုံကြီးတစ်ခုကို တည်ဆောက်ထားသည်။

ဒေသတွင်းမှ ရော်ဘာအစေးရည်ဝယ်ယူကာ ကုန်ကြမ်းထုတ်ပြီး နိုင်ငံခြားသို့ တင်ပို့နေသည့် လုပ်ငန်းရှင်ဖြစ်သည်။

၎င်းတွင် ရော်ဘာခြံအမြောက်အများလည်း ပိုင်ဆိုင်ထားသည်။

လက်ရှိ စစ်ကောင်စီလက်ထက်တွင် ဘုတ်ပြင်းဖက်၌ ခဲမိုင်းလုပ်ကိုင်နေသည်ဟု ကြားသိရသည်။

ဂယက်ထနေသည့် ထားဝယ်ထောင်

ထားဝယ်အကျဉ်းထောင်မှ အကြီးတန်းထောင်ဝန်ထမ်းများ ကိုယ်တိုင်မူးယစ်ဆေးရောင်းချသည့် ဂယက်ကြောင့် ဟိုးလေးတကျော် ဖြစ်နေသည်။

လုံနယ်ဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်း အနားပေးမခံရမီ ရက်ပိုင်းအလိုတွင် ထားဝယ်ထောင်အတွင်းသို့ ၎င်းကိုယ်တိုင်ဦးဆောင်ကာ ဝင်ရောက်စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးရာတွင် အကျဉ်းထောင်ဝန်ထမ်းအချို့နှင့် မူးယစ်အမှုဖြင့်ထောင်ကျနေသည့် အကျဉ်းသားအချို့ထံမှ မူးယစ်ဆေးများ ဖမ်းမိခဲ့သည်။

ထိုနောက် ဇူလိုင်လကုန်ပိုင်းတွင် နောက်တစ်ကြိမ်ထပ်မံစစ်ဆေးရာ အကျဉ်းသားအချို့ထံမှ မူးယစ်ဆေးများ ထပ်မိပြန်သည်။

ယင်းသို့အကျဉ်းသားအချို့ထံမှ မူးယစ်ဆေးမိချိန်မှစကာ ထောင်ဝင်စာပို့ခွင့်ကို တင်းတင်းကြပ်ကြပ်စစ်ဆေးနေသည်။

ဩဂုတ်လ ၁၄ ရက်နေ့တွင်မူ စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့က ထားဝယ်ထောင်အတွင်းရှိ ဒုထောင်မှူး၏ နေအိမ်ကို စီးနင်းရှာဖွေရာ WY စိတ်ကြွဆေး၊ ICE မူးယစ်ဆေးအပါအဝင် ဖုန်းအလုံးရေ ခုနှစ်ဆယ်ခန့် ဖမ်းမိခဲ့ပြန်သည်။ထို့အပြင် တရားမဝင် ကျည်ဆံအများအပြားလည်း ဖမ်းမိကြောင်း သတင်းများထွက်နေသည်။

အာဏာသိမ်းပြီး ရက်ပေါင်း ၉၀၀ ကျော်လာချိန်အထိ ထိန်းချုပ်နိုင်စွမ်းမဲ့နေသည့် စစ်ကောင်စီသည် နိုင်ငံတဝန်းတွင်လည်း ၎င်းယုံကြည်စိတ်ချရသည့် စစ််ဗိုလ်ချုပ်များဖြင့် အစားထိုးခန့်အပ်မှုများ ခပ်စိပ်စိပ်လုပ်နေသည်။

စစ်ဌာနချုပ်တိုင်းမှူးဗိုလ်ချုပ်များ၊ စစ်ဆင်ရေးအထူးအဖွဲ့မှူးများ၊ ပြည်ထဲရေးဝန်ကြီး၊ ရဲချုပ် အစရှိသည့် အရေးပါသည့်နေရာများကို လူအပြောင်းအလဲလုပ်ထားသည်။

ထိုသို့ စစ်ကောင်စီ၏ ဖြုတ်ထုတ်ကစားပွဲတွင် တောင်ပိုင်း တနင်္သာရီနတ်ကိုင်းလည်းလည်း မကျန်ခဲ့ပါ။ ဆက်ရန်ပင်ရှိနိုင်သေးသည်။