မြိတ်တွင် ရွှေတစ်ကျပ်သား ကျပ်သိန်း ၄၀ နီးပါးရောက်ရှိ

0
1457

မြိတ်မြို့ရှိ အခေါက်ရွှေဈေးကွက်တွင် ဩဂုတ်လ ၁၅ ရက်နေ့၌ တစ်ကျပ်သားလျှင် ကျပ်သိန်း ၄၀ နီးပါးအထိ ရောက်ရှိလာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

ဩဂုတ်လ ၁၃ ရက်နေ့က တစ်ကျပ်သားလျှင် ၃၇ သိန်းကျပ်၊ ၁၄ ရက်နေ့တွင် ၃၇ သိန်းငါးသောင်းနှင့် ၁၅ ရက်နေ့တွင် ၃၈ သိန်းကျော်(၃၈ သိန်း နှစ်သောင်းမှ ငါးသောင်းအကြား)အထိ မြင့်တက်လာခြင်းဖြစ်ကြောင်း ရွှေအရောင်းဆိုင်အချို့က ပြောပြသည်။

“တဖြည်းဖြည်း သိန်းလေးဆယ်နားကပ်လာပြီ၊ နိုင်ငံခြားငွေလဲဈေးနှုန်းတွေ တက်လာတာကိုး၊ ငွေလဲဈေးတက်လာတော့ ရွှေဈေးတွေလည်း တက်လာကြတာပါ” ဟု ရွှေအရောင်းဆိုင်ရှင်တစ်ဦးက ပြောသည်။

ထို့ပြင် အခေါက်ရွှေ ဈေးနှုန်းများ မြင့်တက်လာခြင်းသည် ရွှေဝယ်ယူစုဆောင်းသူ များလာခြင်းကလည်း အကြောင်းအရာတစ်ရပ်ဖြစ်ကြောင်း ၎င်းက ပြောပြသည်။

ယနေ့ ဩဂုတ်လ ၁၅ ရက်နေ့၌ ထိုင်းတစ်ဘတ်လျှင် ကျပ်တစ်ရာကျော်နှင့် အမေရိကန်တစ်ဒေါ်လာလျှင် ၃၇၀၀ ကျပ်(ပြင်ပဈေး)အထိ မြင့်တက်နေကြောင်း ယင်းဈေးကွက်မှ သိရသည်။

မြိတ်တွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၂ ရက်နေ့က ရွှေတစ်ကျပ်သားလျှင် ကျပ် ၃၃ သိန်းနီးပါးအထိသာ ရှိရာမှ ဆက်တိုက်မြင့်တက်လာခြင်းဖြစ်သည်။

ယင်းကဲ့သို့ အခေါင်ရွှေဈေးနှုန်းများ မြင့်တက်လာသဖြင့် ကြိုက်ရောင်းကြိုက်ဝယ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်နေကြကြောင်း ရွှေအရောင်းဆိုင်ရှင် အချို့က ဆိုသည်။

ဝယ်သူများအနေဖြင့် သတ်မှတ်ထားသည့် ပေါက်ဈေးအတိုင်းဝယ်ယူပါက ရောင်းချပေးပြီး၊ လာရောက် ရောင်းချသူများအနေဖြင့် ပေါက်ဈေးထက် (၅ သိန်း၊ ၁၀ သိန်း စသဖြင့်) နိမ့်သည့် ဈေးနှုန်းဖြင့် ရောင်းချနိုင်ပါက ဝယ်ယူကြကြောင်း ယင်းရွှေဈေးကွက်မှ စုံစမ်းသိရှိရသည်။

မြိတ်ရွှေဈေးကွက်၌ ၉၆၅၊ ၉၉၉၉ စသည့် ယိုးဒယားရွှေများကို စစ်ကောင်စီက ဝင်‌ရောက် စစ်ဆေးဖမ်းဆီးမည်ဆိုသော သတင်းထွက်နေပြီး ယင်းသတင်းကြောင့် ယိုးဒယားရွှေများကို ဇူလိုင်လ ၁၂ ရက်နေ့ခန့်ကစကာ အရောင်းအဝယ် ရပ်နားထားသည်။

လက်ရှိအချိန်ထိလည်း ယိုးဒယားရွှေတို့အား ပေါ်ပေါ်ထင်ထင် ‌အရောင်းအဝယ်ပြုလုပ်ခြင်း မရှိသေးကြောင်း ရွှေအရောင်းဆိုင်အချို့မှ သိရသည်။