ထားဝယ် ဒုထောင်မှူးအိမ်တွင် မူးယစ်ဆေးဖမ်းမိဟုဆို

0
1564

ထားဝယ်အကျဉ်းထောင် ဒုထောင်မှူး၏နေအိမ်တွင် စိတ်ကြွဆေးပြား အပါအဝင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း ထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့က စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့က ထားဝယ်ထောင်ဝင်းအတွင်းရှိ ဒုထောင်မှူး၏နေအိမ်ကို ဝင်ရောက်ရှာဖွေခဲ့ကြောင်း ထောင်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

ထိုသို့ဝင်ရောက်ရှာဖွေရာတွင် WY စိတ်ကြွဆေး၊ ICE အပါအဝင် မူးယစ်ဆေးများ ဖမ်းမိသည်ဟု သိရကြောင်း ၎င်းက ဆိုသည်။

“(ဒုထောင်မှူး) သူ့အိမ်မျက်နှာကျက်မှာ အဲဒီပစ္စည်းတွေထားတာကိုသိလို့ ဝင်ဖမ်းတဲ့သူတွေက လှေကားတွေပါ ယူလာကြတာတဲ့” ဟု အထက်ပါထောင်နှင့်နီးစပ်သူက ပြောဆိုသည်။

ထောင်ဝင်စာပို့သူများနှင့် လူစည်နေချိန်တွင် ယင်းသို့ ဝင်ဖမ်းခြင်းဖြစ်ကြောင်း ထောင်နှင့် နီးစပ်သူအချို့ထံမှ သိရသည်။

ယင်းကိစ္စနှင့် ပတ်သတ်၍ Dawei Watch အနေဖြင့် သီးခြားအတည်ပြုနေဆဲဖြစ်ပြီး နောက်ထပ် သိရသည့်အချက်များကို ထပ်မံဖော်ပြသွားမည်ဖြစ်သည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချယ်နယ်များတွင်မူ ထားဝယ်ထောင် ဒုထောင်မှူးဦးသူရိန်ထွန်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ခလုတ်နှိပ်ကီးပက်ဖုန်းအလုံးရေ ၅၀ နီးပါး၊ Android ဖုန်း ၃၀ လုံး၊ WY စိတ်ကြွဆေး၊ ICE နှင့် ဆေးခြောက်များကို တွေ့ရကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ထားဝယ်ထောင်မှူးနှင့် ဒုထောင်မှူးအား ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းလည်း ထွက်ပေါ်နေသည်။

ဇူလိုင်လ ၁၁ ရက်နေ့ကလည်း စစ်ကောင်စီခန့် တနင်္သာရီတိုင်း နယ်လုံဝန်ကြီး ဦးဆောင်သည့်အဖွဲ့က ထားဝယ်ထောင်အတွင်း ဝင်ရောက်စစ်ဆေးရာ ထောင်ဝန်ထမ်းအချို့နှင့် မူးယစ်အမှုဖြင့် ထောင်ကျနေသည့် အကျဉ်းသားအချို့ထံမှ မူးယစ်ဆေးများ ဖမ်းမိခဲ့ဖူးသည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင်လည်း နောက်တစ်ကြိမ်ထပ်မံစစ်ဆေးရာ အကျဉ်းသားအချို့ထံမှ မူးယစ်ဆေးများ ဖမ်းဆီးရမိခဲ့သည်။