စစ်ကောင်စီတပ်က စစ်ကြောင်းထိုးမည်ကိုစိုးရိမ်ပြီး ကျောက်ဝပ်ပြင် ဒေသခံများတိမ်းရှောင်

0
1450

လောင်းလုံးမြို့နယ် ကျောက်နီ‌မော်ကျေးရွာက ပျူစောထီးအဖွဲ့ လွန်ခဲ့သည့်နှစ်ရက်ခန့်က တိုက်ခိုက်ခံရပြီး သေဆုံးမှုများလည်းရှိသဖြင့် စစ်ကောင်စီက စစ်ကြောင်းထိုးမည်ကို ကျောက်ဝပ်ပြင်ဒေသခံများက စိုးရိမ်နေကြသည်။

ကျောက်နီမော်ကျေးရွာ ပျူစောထီးအဖွဲ့မှာ ကျောက်နီမော်ရွာနှင့် ကျောက်ဝပ်ပြင်ကျေးရွာကြားရှိ လမ်းပိုင်းတစ်နေရာတွင် ‌မိုင်းဆွဲတိုက်ခံရခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

မိုင်းဆွဲတိုက်ခိုက်ခံရသည့် ကားထဲတွင် ဒေသတွင်းနာမည်ကြီး ပျူစောထီးခေါင်းဆောင် ဦးချစ်စန်းမောင်ပါ ပါဝင်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

မိုင်းဆွဲခံရပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်မှုရှိကြောင်း ဒေသခံအချို့ကဆိုသည်။

“နှစ်ယောက်သေတယ်။ သုံးလေးယောက်ထိတယ်လို့ပြောတယ်။ သူ(ဦးချစ်စန်းမောင်)ကတော့လွတ်သွားတယ်။ မနေ့က ကျောက်နီမော်ရွာမှာ မီးသင်္ဂြိုဟ်လိုက်တယ်တဲ့။ စစ်သားတွေလည်း အယောက် ၄၀ လောက်( ကျောက်နီမော်ရွာကို) ရောက်နေတယ်” ဟု ဒေသခံတစ်ဦးကဆိုသည်။

ပြည်သူ့ကာကွယ်ရေးဘက်ကလည်း တစ်ဦးကျဆုံးကြောင်း သတင်းထွက်နေသော်လည်း နှစ်ဖက်ထိခိုက်ကျဆုံးမှု အခြေအနေနှင့်ပတ်သက်ပြီး အတည်မပြုနိုင်သေးပေ။

ထိုကဲ့သို့ ပျူစောထီးအဖွဲ့ တိုက်ခိုက်ခံရပြီးနောက် ကျောက်ဝပ်ပြင်ကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း ဒေသခံအချို့ကဆိုသည်။

“စစ်သားတွေခေါ်ပြီးတော့ လူတွေ့ရင်လူပစ်မယ်၊ ခွေးတွေ့ရင် ခွေးပစ်မယ်ဆိုပြီး ခြိမ်းခြောက်ထားတယ်။ (ဩဂုတ်လ) ၁၈ ရက်နေ့အထိ ဘယ်သူ့ကိုမဆို ပစ်မိန့်‌ပေးထားတယ် အဲလိုပြောနေကြတယ်” ဟု ဒေသခံတစ်ဦးက ယနေ့ နေ့လယ် ၁၂ နာရီခန့်က ပြောဆိုသည်။

ယင်းအတွက်ကြောင့် ကျောက်ဝပ်ပြင်ကျေးရွာမှ ဒေသခံများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေကြရပြီး အနီးအနား ကျေးရွာက ဒေသခံများလည်း အခြေအနေကို စောင့်ကြည့်နေကြကြောင်းဆိုသည်။

‌“ကျောက်ဝပ်ပြင်မှာဆိုရင် တစ်ရွာလုံးမရှိကြတော့ဘူး။ မနေ့ကကတည်းက ပြေးကုန်ကြပြီ။ ကျန်တဲ့ရွာတွေကတော့ ပြေးသံမကြားရသေးဘူး။ လှေတွေဝင်လာနေလားဆိုပြီး စောင့်ကြည့်နေရတာပေါ့။ ဝင်လာရင်တော့ ပြေးရမှာပဲ” ဟု အောက်ကျောက်ဝပ် ဒေသခံတစ်ဦးကဆိုသည်။

ဩဂုတ်လ ၁၀ ရက် နေ့လယ်ပိုင်းအထိ စစ်ကောင်စီတပ်က ရွာထဲစစ်ကြောင်းထိုးခြင်း မရှိသေးကြောင်းဆိုသည်။

သို့သော် မည်သည့်အချိန် စစ်ကြောင်းထိုးလာမည်ကို မသိသောကြောင့် ‌ဒေသခံအချို့ ကြိုတင်တိမ်းရှောင် နေကြခြင်းဖြစ်ကြောင်း သိရသည်။