ထိုင်းအမြန်လမ်းတွင် တရားမဝင် မြန်မာလုပ်သား ၉ ဦး ဖမ်းဆီးခံရ

0
1427

ထိုင်းနိုင်ငံ ချိုင်းနတ်ခရိုင်ရှိ အမြန်လမ်းမတစ်နေရာတွင် တရားမဝင် အလုပ်သမားများ တင်ဆောင်လာသော ပစ်ကပ်ကားတစ်စီးကို တားဆီးစစ်ဆေးရာမှ မြန်မာအလုပ်သမား ၉ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ဩဂုတ်လ ၇ ရက်နေ့က ချိုင်းနတ်ခရိုင် စမ်ဖရားဒေသ ခေါက်ကယ်ဝိုရွာအနီးရှိ အမြန်လမ်းမပေါ်တွင် ထိုင်းအမြန်လမ်းရဲတပ်ဖွဲ့များ စစ်ဆေးရေးပြုလုပ်နေစဉ် ဖမ်းမိခဲ့ခြင်းဖြစ်သည်။

ကားပေါ်တွင် အသက် ၁၉ နှစ်အရွယ် ထိုင်းနိုင်ငံသား ကားသမားနှင့် မြန်မာအလုပ်သမား အမျိုးသား ၆ ဦး၊ အမျိုးသမီး ၃ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် အသက် ၂၀ နှစ်မှ ၂၆ နှစ်အရွယ်များ ဖြစ်ကြပြီး အားလုံးတွင် နိုင်ငံကူးလက်မှတ်နှင့် အထောက်အထားများ မတွေ့ရှိရဟုဆိုသည်။

မြန်မာအလုပ်သမားများကို နခွန်စဝမ်ခရိုင်ရှိ တောထဲမှ အယုဒ္ဓယခရိုင် ဘန့်ပအင်းဒေသသို့ ပို့ဆောင်ပေးရန် မြန်မာနိုင်ငံသားတစ်ဦးက ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခြင်းဖြစ်ကြောင်း ထိုင်းကားသမား၏ ဝန်ခံချက်ကို ဖော်ပြထားသည်။

ဖမ်းဆီးရမိသော ထိုင်းကားသမားနှင့် မြန်မာအလုပ်သမားများကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ရန်အတွက် ချိုင်းနတ်ခရိုင် ခေါင်ကယ်ဝိုရဲစခန်းသို့ ပို့ဆောင်ထားသည်။

ပြီးခဲ့သော ဩဂုတ်လ ၅ ရက်နေ့ကလည်း အယုဒ္ဓယခရိုင်တွင် ကားတိမ်းမှောက်မှုကြောင့် ကားပေါ်ပါ တရားမဝင် မြန်မာအလုပ်သမား ၁၁ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

Ref: MGR Online, CH 7 News