မြိတ်တွင် ပိုင်ရှင်မဲ့အလောင်းထပ်တွေ့

0
2388

မြိတ်မြို့တွင် ဩဂုတ်လ ၆ရက်နေ့က ပိုင်ရှင်မဲ့ဖြစ်နေသည့် ရုပ်အလောင်းတစ်လောင်း ထပ်မံတွေ့ရှိကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

ဩဂုတ်လ ၄ရက်နေ့ကလည်း အမျိုးသားရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့သဖြင့် သုံးရက်အတွင်း ပိုင်ရှင်မဲ့ဖြစ်နေသည့် ရုပ်အလောင်း နှစ်လောင်းတွေ့ရှိခြင်းဖြစ်သည်။

ဩဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ထူးထူးတိုးကုမ္ပဏီ၏ ဆီသယ်ဘောရှိ ကျောက်ချထားသည့် ကြိုးပေါ်တွင် ရေစီးနှင့်အတူ မျောပါလာပြီး ငြိနေသည့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိကြောင်း နာရေးကူညီမှုအသင်း တစ်သင်းမှ တာဝန်ခံတစ်ဦးက ပြောသည်။

“ရေမျောလာတာ။ ဘယ်က မျောလာတာလဲတော့ မသိဘူး။ အသက်တောင် မှန်းမရတော့ဘူး။ မျက်နှာတွေ ပျက်စီးနေပြီ” ဟု ၎င်းက ဆိုသည်။

ဩဂုတ်လ ၄ ရက်နေ့က နောက်လယ်ရပ်ကွက် တံတားတစ်ခုအနီးတွင် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းအား တွေ့ရှိခဲ့သေးသည်။

အထက်ပါအမျိုးသားနှစ်ဦး၏ ရုပ်အလောင်းတို့သည် ရေထဲတွင် သေဆုံးနေကြခြင်းဖြစ်ပြီး မျက်နှာ၊ ခြေလက်တို့ရှိ အသားများ ပျက်စီးနေပြီဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်ခု၏ တာဝန်ခံက ပြောဆိုသည်။

အဆိုပါ ရုပ်အလောင်းတို့အား စစ်ဆေးရုံရှိ ရင်ခွဲရုံသို့ တင်ပို့ခဲ့ပြီး ယင်းမှတစ်ဆင့် ဘာသာစုံသုသာန်သို့ ပို့ဆောင်မီးသင်္ဂြိုဟ်ပေးခဲ့ကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

မြိတ်တွင် ဧပြီလမှစပြီး ဩဂုတ်လ ၆ ရက်နေ့အထိ ပိုင်ရှင်မဲ့ဖြစ်နေသည့် ရုပ်အလောင်း ငါးလောင်းအထိရှိတွေ့ရှိခဲ့ပြီး အများစုသည် အခြားတိုင်းမှ လာရောက်နေထိုင်ကြသူများဖြစ်ကြကြောင်း နာရေးကူညီမှုအသင်းအချို့ထံမှ သိရသည်။

ထို့ပြင် အဆိုပါရုပ်အလောင်းတို့သည် အမျိုးသားများဖြစ်ကြပြီး သက်ကြီးပိုင်းများဖြစ်ကြကြောင်း ဆိုသည်။

မြိတ်တွင် ၂၀၂၁ ခုနှစ်အတွင်းမှစပြီး လမ်းဘေးရှိ နားနေဆောင်များ၊ အဝေးပြေးကားဝင်း စသည်တို့တွင် ပိုင်ရှင်မဲ့ ရုပ်အလောင်းတို့အား မကြာမကြာတွေ့ရှိလာနေကြောင်း နာရေးကူညီမှုအသင်းအချို့က ဆိုသည်။