ကျွန်းစုတွင် ဖမ်းဆီးခံရသည့် ခရီးသည်တင်စက်လှေပေါ်ပါ ခရီးသည် ၁၆ ဦးပြန်လွတ်

0
1438

ကျွန်းစုမြို့နယ် သဇင်ကျေးရွာတွင် ဖမ်းဆီးခံထားရသည့် ခရီးသည်စက်တင်လှေပေါ် လိုက်ပါခဲ့သည့် ခရီးသည် ၁၆ ဦး ဩဂုတ်လ ၃ ရက်နေ့တွင် ပြန်လည်လွတ်မြောက်လာကြောင်း ယင်းရွာသားအချို့က ပြောသည်။

ဘန္ဒနဲကျေးရွာအုပ်စု မြိုင်သာရွာစက်လှေသည် မီးသွေးနှင့် အခြားရေထွက်ကုန်အချို့ကို မြိတ်မြို့ပေါ်တွင် သွားရောက်ရောင်းချပြီး ကုန်စည်များဝယ်ယူကာ ရွာသို့ပြန်လာစဉ် ဇူလိုင်လ ၂၈ ရက်က သဇင်ကျေးရွာ ချောင်းဝအရောက်တွင် ဖမ်းဆီးခံရခြင်းဖြစ်သည်။

အဆိုပါ စက်လှေပေါ် လိုက်ပါသူတို့အား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အား ထောက်ပံ့နေသည်ဟု စွပ်စွဲကာ စစ်ကောင်စီတပ်က ဖမ်းဆီးခြင်းဖြစ်ကြောင်း မြိုင်သာရွာသားအချို့က ပြောဆိုထားသည်။

ဖမ်းဆီးခံရသူတို့သည် ခြောက်ရက်ကြာ စစ်ဆေးခံခဲ့ရပြီးနောက် ခုနစ်ရက်မြောက်နေ့တွင် ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။

ဖမ်းဆီးစဉ် စက်လှေပေါ်တွင် လှေရှင်အပါအဝင် အမျိုးသားသုံးဦး၊ မွေးကင်းစ ကလေးတစ်‌ဦး အပါအဝင် အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၁၇ ဦးအား ပါရှိကြောင်း မြိုင်သာရွာနေသူအချို့က ဆိုသည်။

“လှေရှင်က မလွတ်သေးဘူး။ ကျန်တဲ့သူတွေအားလုံး လွှတ်လိုက်ပြီ။ လှေထဲပါတဲ့ ကုန်ပစ္စည်းတွေလည်း ပြန်ပေးကုန်ပြီ” ဟု မြိုင်သာရွာနေသူတစ်‌ဦးက ပြောသည်။

စက်လှေအား သဇင်ကျေးရွာတွင် ထိန်းသိမ်းထားပြီး လှေပိုင်ရှင်အား ကျွန်းစုမြို့ရဲစခန်းတွင် စစ်ဆေးနေဆဲဖြစ်ကြောင်း ပြန်လည်လွတ်မြောက်လာသူတို့နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။