ထားဝယ် စျေးကွက်တွင် ရေထွက်ကုန်အဝင်နည်း၍  ငါးပုဇွန်စျေးတက်

0
1527

ထားဝယ်တွင် ဩဂုတ်လ ပထမပတ်မှစပြီး ရေထွက်ကုန် အဝင်နည်းလာသည့်အတွက် ငါးပုဇွန်စျေးနှုန်းများ မြင့်တက်လာနေကြောင်း ရေထွက်ကုန် အရောင်းအဝယ် ပြုလုပ်နေသူများထံမှသိရသည်

ယခင်က တစ်နေ့လျင် စျေးကွက်အတွင်းသို့ ပုံးငါးဆယ်၊ခြောက်ဆယ်ခန့် ပုံမှန်ဝင်ရောက်နေရာမှာ ပြီးခဲ့သည့် ဇူလိုင်လကုန်အပတ်မှစပြီး ဆယ်ပုံးခန်သာ ဝင်ရောက်လျက်ရှိသောကြောင့် စျေးတက်သွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့ကမ်းနားစျေးအနီး ငါးအရောင်းအဝယ်ဒိုင် ဖွင်လှစ်ထားသည့်အမျိုးသမီးတစ်ဦးကပြောသည်။

“မရှိတာတော့မဟုတ်ဘူး။ ရှိတယ် တော်တော်လေးတော့နည်းသွားတယ်။ ရာသီဥတုကြောင့် ငါးအရနည်းတယ် လို့ပြောကြတာပါပဲ” ဟု၎င်းအမျိုးသမီးကပြောသည်

လက်ရှိစျေးကွက် တွင် လူအများစားသုံးလေ့ရှိသည် ပါလန်းခေါ် ငါးလုံး တစ်ကောင် ကို ၂၀၀၀ ကျပ်ခန့်ဖြစ်နေပြီး ယခင်က တစ်ကောင် တစ်ထောင်ကျပ် ခန့်သာရှိသည် ဟု လောင်းလုံးမြို့နယ်က အိမ်ရှင်မတစ်ဦး ကဆိုသည်။

“အစက ငါးငယ်လေးတွေ လေးကောင်တွဲ၊သုံးကောင်တွဲ  တစ်ထောင်ပဲ။ အခု  တစ်ထောင့်ငါးရာ  နှစ်ထောင်  အကြီးတစ်ကောင် နှစ်ထောင်” ဟု ၎င်းကောင်းအိမ်ရှင်မက ပြောသည်။

ထားဝယ်ခရိုင်အတွင်းရှိ ငါးဖမ်းစက်လှေ ပိုင်ရှင် အချို့မှာလည်း ငါးအရနည်းနေသည်မှာ တစ်လ ဝန်းကျင်ခန့်ရှိ ပြီ ဖြစ်ကြောင်း ပြောဆိုသည်။

ရက်ထပ်နှစ်ဖြစ်သည့် ဝါဆို ဝါခေါင်လများတွင် ပင်လယ်အတွင်း စီးနေသည် ရေအေးစီးကြောင်းများကြောင့် ငါးကျက်စားရာနေရာ ပြောင်လဲခြင်းနှင့် ရာသီဥတု ဆိုးဝါးသည့်လများ ဖြစ်သည့်အတွက်ကြောင့်လည်း ငါးအရနည်းခြင်း ဖြစ်သည်ဟု လောင်းလုံးမြို့နယ် သဘော့ဆိပ်ရွာမှ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦးက ပြောသည်။

“ ငါးရတဲ့ အချိန်ဆို ငါး ပုံးနှစ်ဆယ်၊သုံးဆယ်ခန့် ဆယ့်ရက်တစ်ပတ်ပဲ။  အခု လှေတစ်ခေါက် သုံး လေးပုံးပဲ ရတယ်။ အဲဒါကြောင့် ပင်လယ်ထဲ ဆယ်ငါး ရက်လောက် အထိ နေလိုက်ရတယ်”ဟု သူမကပြောသည်။

ငါးအရနည်းပြီး ကုန်ကျစရိတ်နှင့် မကိုက်သည့် အတွက်ကြောင့် အခြေအနေ စောင့်ကြည့်ပြီး လုပ်ငန်းရပ်နားထား သူများ ပင်ရှိကြောင်း ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများထံမှသိရသည်။

စက်သုံးဆီစျေးမှာ ယခုနှစ် တန်ခူးလတွင် တစ်ပေပါ လေးသိန်းခွဲရှိသော်လည်း ယခုဝါဆိုလတွင် တစ်ပေပါ ငါးသိန်းခြောက်သောင်းဝန်းကျင်ခန့် ဖြစ်နေသည်ဟုဆိုသည်

ထားဝယ်စျေးကွက်တွင် ဇူလိုင်လ ၂၈ ရက်မှ ဩဂုတ်လ  ၅ ရက်အတွင်း ငါး၊ပုဇွန်စျေးမှာ ပါတူး အာဗြဲတစ်ပိဿာ ၃၅၀၀ ကျပ်မှ ၅၀၀၀ ကျပ် ပါလန်းငါးလုံး တစ်ပိဿာ ၅၀၀၀ ကျပ်မှ ၇၅၀၀ ကျပ်  ငါးကွန်းရှပ်ကြီး တစ်ပိဿာ ၁၈၀၀၀ ကျပ်မှ ၂၅၀၀၀ ကျပ် ပုဇွန်ချောကြီး တစ်ပိဿာ ၂၆၀၀၀ ကျပ်မှ ၃၁၀၀၀ ကျပ် အထိ စျေးတက်လာကြောင်း တွေ့ရသည်။