ဖမ်းဆီးခံရသည်ဆိုသည့် ခ‌မောင်းတောင်ရွာသားလေးဦးအနက်တစ်ဦး သေနတ်ဒဏ်ရာဖြင့် နေအိမ်ပေါ် သေဆုံးလျက်တွေ့

0
1668

လောင်းလုံးမြို့နယ် ခမောင်းတောင်ရွာတွင် ဖမ်းဆီးခံရသည်ဟု သတင်းထွက်ပြီး ပျောက်ဆုံးနေသည့် ဒေသခံလေးဦး အနက် တစ်ဦးမှာ နေအိမ်ပေါ်တွင် သေနတ်ဒဏ်ရာဖြင့် ပုပ်ပွသေဆုံးနေသည်ကိုတွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။

ဇူလိုင်လ ၃၀ ရက်နေ့တွင် ခမောင်းတောင်ရွာသားများဖြစ်ကြသည့် ဦးပန်းအောင်နှင့် ၎င်း၏ တူ၊ တူမများဖြစ်သည့် ကိုချစ်ဦး၊ ကိုချစ်တူးနှင့် မတို့တို့ ဆိုသူတို့ ပျောက်ဆုံးနေခြင်းဖြစ်ပြီး လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးသွားသည်ဟု သတင်းထွက်နေကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ပျောက်ဆုံးပြီး လေးရက်အကြာ ဩဂုတ်လ ၂ ရက် နံနက်ပိုင်းတွင် အပုပ်နံ့ထွက်လာသဖြင့် နေအိမ်ပေါ် တက်ရှာကြရာတွင် ကိုချစ်တူး၏ ရုပ်အလောင်းကို တွေ့ရှိခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောဆိုသည်။

ဦးပန်းအောင်နှင့် တူတော်စပ်သူတို့မှာ မူးယစ်ဆေးဝါးသုံးစွဲရောင်းဝယ်သူအဖြစ် ရွာထဲတွင် သတင်းထွက်နေသူများဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

၎င်းတို့လေးဦး ပျောက်ဆုံးချိန်တွင် ရွာတွင် လူအနည်းငယ်သာရှိသဖြင့် တိတိကျကျ မသိလိုက်ကြခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ခမောင်းတောင်ရွာအနီး တိုက်ပွဲများဖြစ်ပွားခဲ့သလို စစ်ကောင်စီတပ်က ခမောင်းတောင်ရွာအနီးရှိ ရပ်ခံတောင်ပေါ်တွင် လက်ရှိအချိန်အထိ တပ်စွဲထားသဖြင့် ဒေသခံအများစု ရွာသို့ ပြန်မလာကြသေးဘဲ အနည်းငယ်သာ ရွာတွင်နေထိုင်နေကြခြင်းဖြစ်သည်။

ယင်းအခြေအနေတွင် ဇူလိုင်လ ၃ဝ ရက်က ဦးပန်းအောင်နှင့် တူ၊ တူမ လေးဦးကို လက်နက်ကိုင်လူတစ်စုက လာရောက်ဖမ်းဆီးသွားသည်ဟု သတင်းထွက်ပေါ်ကာ ပျောက်ဆုံးနေခြင်းဖြစ်သည်။

“မတို့တို့ ရဲ့ အမေဖြစ်သူလည်း အရိုက်ခံရလို့ ဆေးကုနေတယ်လို့ကြားရတယ်” ဟု ဇူလိုင်လ ၃၀ ရက်က အခြေအနေကို ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

သို့သော် အထက်ပါလေးဦးကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ဖမ်းဆီးသွားသည်ကို အတည်မပြုနိုင်သေးပေ။

ဇူလိုင်လ ၃၀ ရက်နေ့ ကလည်း ခမောင်းတောင်ရွာနှင့် တစ်ဆက်တည်းရှိသည့် တောင်းမင်းပြောင်ရွာတွင် မူးယစ်ဆေးဝါးအမှုဖြစ် ထောင်ကျခဲ့ဖူးသူဖြစ်သည့် အသက်၃၀ ကျော်အရွက်ရှိ ကိုပိုင်သူဆိုသူလည်း နေအိမ်တွင် ပစ်သတ်ခံရပြီး သေဆုံးသွားခဲ့သည်။