ဟိန္ဒားရွာထိပ်တပ်စွဲထားသည့် စစ်ကောင်စီတပ်က ရွာထဲစာသင်ကျောင်းဖက် လက်နက်ကြီးဖြင့်ပစ်ခတ်

0
1523

ထားဝယ်မြို့နယ် ဟိန္ဒားကျေးရွာထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ဩဂုတ်လ ၂ ရက်နေ့တွင် ရွာထဲ စာသင်ကျောင်းရှိရာဖက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

ယင်းနေ့က ဟိန္ဒားကျေးရွာခံ ပျူစောထီး (ခေါ်) ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ဥယျာဉ်ခြံထဲသို့ သွားရာတွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် တွေ့ပြီး ပစ်ခတ်မှုစတင်ဖြစ်ပွားကြောင်း ဒေသခံတစ်ဦးကပြောသည်။

ထိုသို့ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဟိန္ဒားရွာထိပ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ငါးကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။

“လက်နက်ကြီးက စာသင်ကျောင်းတွေဖက် လာကျတာဆိုတော့ မိဘတွေက ကလေးတွေကို သွားခေါ်လာကြတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးပစ်ခတ်ချိန်မှာ နေ့လယ်ကျောင်းဆင်းချိန်တွင် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၃ ရက်တွင်မူ ပုံမှန်အတိုင်းသွားလာနေကြပြီး ကျောင်းလည်း ပြန်လည်ဖွင့်လှစ်နေပြီဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

အင်အား ၃၀ ဝန်းကျင်ရှိ စစ်ကောင်စီတပ်သည် ဟိန္ဒားကျေးရွာအဝင် မြန်မာပွန်ပီပက် (MPC) သတ္တုကုမ္ပဏီရုံးနေရာတွင် တပ်စွဲထားခြင်းဖြစ်ကြောင်း ဒေသခံအချို့ထံမှ သိရသည်။  

ဟိန္ဒားကျေးရွာမှာ နာမည်ကျော် ဟိန္ဒားသတ္တုတွင်းတည်ရှိရာ ကျေးရွာဖြစ်ပြီး ထားဝယ်မြို့မှ မိုင် ၃၀ ကျော်အကွာတွင် တည်ရှိသည်။

ဟိန္ဒားသတ္တုတွင်းမှာ လုပ်ငန်းလည်ပတ်မှု မရှိတော့ဘဲ ရပ်နားထားသဖြင့် စစ်ကောင်စီဘက်က အဆိုပါသတ္တုတွင်း ပြန်လည်ပတ်နိုင်ရန် ဆောင်ရွက်နေကြောင်း ဒေသခံအချို့က ဆိုသည်။