ဇာဒီကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ် ဖမ်းခေါ်သွားသူ ၄၀ ကျော်ပြန်လွတ်၊ နှစ်ဦးမလွတ်သေး

0
1521

ရေဖြူမြို့နယ်၊ ဇာဒီကျေးရွာအုပ်စုတွင် စစ်ကောင်စီတပ်စစ်ကြောင်းက ဖမ်းဆီးခေါ်ဆောင်သွားသည့် ဒေသခံပြည်သူ ၄၆ဦး ဇူလိုင်လ ၃ဝရက် ညနေပိုင်းက ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံများက ပြောသည်။

ကျန်အမျိုးသားနှစ်ဦးမှာမူ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးကြောင်း ၎င်းတို့က ဆိုသည်။

ဇူလိုင်လ ၂၇ ရက်တွင် ဇာဒီရွာသို့ စစ်ကြောင်းထိုးဝင်ရောက်သည့် စစ်ကောင်စီတပ်က ဇာဒီ၊ ခေါင်ပြန်၊ ဒိုက်တကော် ရွာများမှ ရွာသား ၄၈ ဦးကို ဖမ်းဆီးကာ လူသားဒိုင်းသဖွယ် ခေါ်ဆောင်သွားကြောင်း ဒေသခံတို့က ပြောဆိုသည်။

အဆိုပါဒေသခံများကို ဇူလိုင်လ ၃ဝရက်အထိ လေးရက်ကြာ စစ်ကြောင်းနှင့်အတူ ခေါ်ဆောင်သွားပြီး ဇာဒီရွာအုပ်စုနှင့် အနီးဝန်းကျင်ရှိ နဘုလယ်ဒေသက ဘဝါရွာသို့အရောက်တွင် ပြန်လွှတ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“၃၀ ရက် ညနေ ၆နာရီလောက် ဘဝါရွာအရောက်မှာ ဖမ်းထားတဲ့လူတွေကို ပြန်လွှတ်လိုက်တယ်။ ညဘက်ကြီး ပြန်လာလို့ အဆင်မပြေလို့ (ဘဝါရွာအနီးက) လဲရှောင်ရွာဘုန်းကြီးကျောင်းမှာ တစ်ညအိပ်ပြီး မနက်မှ အိမ်ပြန်ရောက် ကြတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ခေါင်ပြန်ရွာက အမျိုးသားနှစ်ဦးမှာ နဘုလယ်ဒေသ ထားဝယ်ရေနက်ဆိပ်ကမ်းတွင် စစ်ကြောင်းနှင့်အတူ ဆက်လက်ဖမ်းဆီးထားဆဲဖြစ်ကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်း ဝင်ရောက်သည့် ရက်များတွင် လမ်းတစ်လျှောက် ပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဇာဒီကျေးရွာအုပ်စုတွင် စစ်ကြောင်း ဝင်ရောက်သည့် ဇူလိုင်လ ၂၇ ရက်တွင် အင်တာနက်လိုင်းမျာ ပြတ်တောက်ခဲ့ပြီး ယနေ့ ဩဂုတ်လ ၁ ရက်နေ့အထိလည်း အင်တာနက်လိုင်းများ ရံဖန်ရံခါ ပြတ်တောက်နေဆဲဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သားများသည် ဇာဒီကျေးရွာအုပ်စုသို့ မြေတင်ကားငါးစီး၊ အိမ်စီးကားတစ်စီး စုစုပေါင်း ကားခြောက်စီး ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး အရပ်ဝတ်လက်နက်ကိုင်များလည်း ပါဝင်ခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။