ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းပစ်ခတ်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဖြစ်၊ မြိတ်-ထားဝယ်ကားလမ်းပိတ်

0
1574

သရက်ချောင်းမြို့နယ် ပဲဒက်ရွာက စစ်ကောင်စီတပ်စခန်းကို ယနေ့ ဩဂုတ်လ ၁ ရက် နံနက် ၆ နာရီခွဲမှာ ပစ်ခတ်ခံရပြီးနောက် နှစ်ဖက်ပစ်ခတ်မှုဆက်ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

အဆိုပါစခန်းကို သိမ်းငှက်ပြောက်ကျားတပ်ဖွဲ့နှင့် ကစယ်ဒိုကျားမဟာမိတ်ပူးပေါင်းအဖွဲ့တို့က သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

နံနက် ၆ နာရီခွဲမှ ၈ နာရီခွဲခန့်အထိ ထိတွေ့ပစ်ခတ်မှု နှစ်ကြိမ်ဖြစ်ပွားကြောင်း ၎င်းက ဆိုသည်။

“ရန်သူရဲ့ ထိခိုက်မှုအခြေအနေကိုတော့ အခုထက်ထိ ကျွန်တော်တို့အနေနဲ့ မသိရသေးဘူးပေါ့နော်” ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

နှစ်ဖက် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင်နှစ်ဦး ခြေနှင့် လက်တို့တွင် လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရသော်လည်း စိုးရိမ်ဖွယ်ရာ မရှိကြောင်း ၎င်းက ပြောဆိုသည်။

စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ပြန်လည်ဆုတ်ခွာခဲ့ကြောင်း ၎င်းက ဆိုသည်။

တိုက်ပွဲစတင်ဖြစ်ပွားသည့် နံနက်ပိုင်းကစပြီး ယနေ့ညပိုင်းအထိ မြိတ်-ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီက ပိတ်ဆို့ထားကြောင်း ပဲဒက်ကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“မြိတ်-ထားဝယ်ကားလမ်းကို ပိတ်ထားတယ်။ ထားဝယ်ဘက်က ဆင်းလာတဲ့ ကားတွေလည်း ဆင်းလာမရဲလို့ ပိတောက်ငယ်ထိန်ရွာမှာ ညအိပ်နေကြတယ်။ မြိတ်ဘက်ကလာတဲ့ ကားတွေကိုလည်း စကစဂိတ်က ပေးမဖြတ်ဘူး။ တားထားတယ်” ဟု ၎င်းက ဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် ယနေ့နံနက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးနှင့်ပစ်ခတ်သဖြင့် ရွာထဲက ဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း အထက်ပါအမျိုးသားက ပြောဆိုသည်။

ပဲဒက်ကျေးရွာသည် သရက်ချောင်းမြို့နယ်တွင် ပျူစောထီးအားကောင်းသည့် ကျေးရွာတစ်ရွာဖြစ်ပြီး မြိတ်-ထားဝယ် ကားလမ်းဘေးတွင် တည်ရှိသည်။

ပဲဒက်ကျေးရွာရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်က နှစ်ကြိမ်တိုင်တိုင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများက တပ်လာစွဲထားခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။