မြိတ်တွင် ယာဉ်တိုက်မှုဖြစ်ပြီး ဆိုင်ကယ်စီးလာသူ အမျိုးသားနှစ်ဦး ဒဏ်ရာပြင်းထန်

0
1562

မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းကြီးပေါ်ရှိ မြိတ်မြို့နယ်၊ ဒလရှောင်ကျေးရွာအနီးတွင် ဩဂုတ်လ ၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲအချိန်ခန့်က ယာဉ်တိုက်မှုဖြစ်ခဲ့ပြီး ဆိုင်ကယ်ပေါ်ပါ အမျိုးသားနှစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း နာရေးကူညီမှုအသင်းအချို့မှ သိရသည်။

မြိတ်မှ တနင်္သာရီဘက်သို့ မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်နှင့် တနင်္သာရီဘက်မှ မြိတ်ဘက်သို့ မောင်းနင်လာသည့် မှန်လုံယာဉ်( mini bus)တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း နာရေးကူညီမှုအသင်းတစ်သင်းမှ တာဝန်ခံတစ်ဦးက ပြောပြသည်။

“ဆိုင်ကယ်က အရှိန်လွန်ပြီး ကားကိုဝင်တိုက်တာ” ဟု နာရေးကူညီမှုအသင်း တာဝန်ခံက ပြောသည်။

မော်တော်ဆိုင်ကယ်သည် အရှိန်မထိန်းနိုင်ပဲ မျက်နှာချင်းဆိုင်မှ မောင်းနှင်လာသည့် မှန်လုံယာဉ်အား ဝင်တိုက်မိခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်ပေါ်ပါ အသက် ၃၀ နှစ်ကျော်ခန့်ရှိ အမျိုးသားနှစ်ဦးမှာ ပြင်းထန်ဒဏ်ရာများရရှိခဲ့ပြီး တစ်ဦးမှာ သတိလစ်နေသဖြင့် မြိတ်ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ခဲ့ကြောင်း အသင်းတာဝန်ခံက ပြောပြသည်။

ဩဂုတ်လ ၁ ရက်နေ့သည် ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့ ဥပုသ်နေ့ဖြစ်ပြီး ဘုန်တော်ကြီးကျောင်းများသို့ သွားခြင်းနှင့် ရေကူးကန်၊ ရေတံခွန်စသည့် နေရာများသို့ သွားလာလည်ပတ်သူများသည့် နေ့တစ်နေ့ဖြစ်သည်။