မိကျောင်းလှောင်ရွာသားတစ်ဦး ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင်ဂိတ်တွင် အဖမ်းခံရ

0
3241
ပုံစာ - စောဆောင်းနှင်းထူးဖော

ကလိန်အောင်မြို့ မိကျောင်းလှောင်ရွာဟောင်းမှ လူငယ်ပိုင်းတစ်ဦး ထားဝယ်မြို့အဝင် အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံရကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ဖမ်းဆီးခံရသူမှာ အသက် ၂၈ နှစ်အရွယ် စောဆောင်းနှင်းထူးဖော (ခေါ်) စောထူးဖောဖြစ်ပြီး ဇူလိုင်လ ၂၅ ရက် နေ့လယ်ပိုင်းတွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း နီးစပ်သူတစ်ဦးက ‌ပြောသည်။

“ရွာလူကြီးကနေတစ်ဆင့်လာပြောလို့ အဖမ်းခံရတာသိရတယ်။ အဆက်သွယ်ပြတ်နေတာ အစကတည်းက၊ အခုလည်းအိမ် (မိသားစုဝင်တွေ) နဲ့ တွေ့ခွင့်မရသေးဘူး” ဟု ၎င်းက ပြောဆိုသည်။

ထားဝယ်မြို့မှ မိကျောင်းလှောင်ရွာသို့ ခရီးသည်တင်ယာဉ်ဖြင့်ပြန်လာစဉ် အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်တွင် ဖုန်းအစစ်ခံရပြီး အဖမ်းခံရခြင်းဖြစ်သည်ဟု ဆိုသည်။

စောဆောင်းနှင်းထူးဖောကို ဖမ်းဆီးထားသည့်နေရာကို တိတိကျကျမပြောနိုင်သေးသလို ဇူလိုင်လ ၂၉ ရက်အထိ ပြန်မလွတ်လာသေးကြောင်း ဒေသခံတို့ထံမှ သိရသည်။

အိမ်ရှေ့ပြင် စစ်ဆေးရေးဂိတ်တွင် ခရီးသည်တင်ယာဉ်များကို စစ်ဆေးရာတွင် မှတ်ပုံတင်အဓိကထားစစ်ဆေးလေ့ရှိပြီး ကားပေါ်တွင် သစ်သီးခြင်း၊ ပန်းခြင်းများ သယ်ဆောင်လာပါက သံချွန်ဖြင့် ထိုးကာစစ်ဆေးလေ့ရှိကြောင်း ကားသမားများက ပြောသည်။

၎င်းစစ်ဆေးရေးဂိတ်သည် ရေးမြို့ဘက်မှ ထားဝယ်မြို့အဝင်တွင်တည်ရှိပြီး သစ်တော၊ လဝက စသည့် ဌာနဆိုင်ရာ ဝန်ထမ်းများပါ စစ်ကောင်စီတပ်နှင့်အတူ‌ ပူးပေါင်း စစ်ဆေး‌လေ့ရှိသည့် ဂိတ်ဖြစ်သည်။