မြိတ်တွင် ဆိုင်ကယ်အဝယ်လိုက်သဖြင့် ဈေးတက်ပြီး ထားဝယ်တွင် အရောင်းအဝယ်ပါး

0
2048

ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် မြိတ်မြို့တွင် ဆိုင်ကယ်အဝယ်လိုက်လာပြီး ဈေးတက်လာကာ ထားဝယ်ဒေသတွင် တိုက်ပွဲများကြောင့် အရောင်းအဝယ်ပါးလာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

စစ်ကောင်စီ ဗဟိုဘဏ်က ကျပ်နှစ်သောင်းတန် ငွေစက္ကူထွက်မည်ဟု ကြေညာပြီးနောက် ဆိုင်ကယ်ဝယ်သူများ လာကြောင်း မြိတ်မြို့ရှိ တစ်ပတ်ရစ်ဆိုင်ကယ် ရောင်းဝယ်ရေးလုပ်ငန်းလုပ်ကိုင်သူအချို့က ပြောသည်။

“ဆိုင်မှာဆိုရင် ဝယ်တဲ့သူမရှိလို့ ချောင်ထဲထိုးထားတဲ့ ဆိုင်ကယ်တွေ အားလုံး ရောင်းကုန်သွားပြီ။ အချို့ show room (အရောင်းပြခန်း) တွေဆိုရင် ရောင်းရလွန်းလို့ ပြစရာဆိုင်ကယ်တွေတောင် သိပ်မကျန်တော့ဘူး” ဟု မြိတ်တောင်ရပ်နေ တစ်ပတ်ရစ်ဆိုင်ကယ် ဝယ်ရောင်းတစ်ဦးက ပြောဆိုသည်။

ဒေသခံအချို့ကလည်း ကျပ်ငွေတန်ဖိုး ထိုးကျသွားမည့်အရေးစိုးရိမ်သည့်အတွက် ငွေသားစုဆောင်းထားသည့်အစား ဆိုင်ကယ်အပါအဝင် ရွှေ၊ ကား၊ အိမ်ခြံမြေများကို ဝယ်ယူလာကြကြောင်း စုံစမ်းသိရသည်။

ယင်းကဲ့သို့ အဝယ်လိုက်လာသဖြင့် ဆိုင်ကယ်အမျိုးအစားအပေါ်မူတည်ပြီး တစ်စီးလျှင် ငွေကျပ်နှစ်သိန်းမှ သုံးသိန်းကျပ်အထိ မြင့်တက်သွားကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

မြိတ်တွင် တစ်ပတ်ရစ်ဆိုင်ကယ်အရောင်းဆိုင် ငါးဆယ်နီးပါးရှိသည်။

ထားဝယ်ဒေသတွင်မူ လတ်တလောဖြစ်ပွားနေသည့်တိုက်ပွဲများကြောင့် တစ်ပတ်ရစ်ဆိုင်ကယ် အရောင်းအဝယ်ပါးသွားကြောင်း အရောင်းအဝယ်လုပ်နေသူအချို့က ပြောဆိုသည်။

ယခုလလယ်ပိုင်းမှစကာ ထားဝယ်မြို့နှင့် အနီးအနားကျေးရွာများတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားမှု ခပ်စိပ်စိပ်ရှိလာခဲ့သည်။

ထိုအခင်းအကျင်းများကြောင့် တစ်ပတ်ရစ်ဆိုင်ကယ်ဝယ်လက်နည်းလာပြီး ရောင်းအားကျသွားကြောင်း ထားဝယ်မြို့မှ နှစ်ဆယ်ချီ ဆိုင်ကယ်ဝယ်ရောင်းလုပ်နေသူတစ်ဦးက ဆိုသည်။

“ဝယ်သမားမှ မရှိတာ။ အရောင်းအဝယ်က သိပ်မရှိဘူး” ဟု ၎င်းက ပြောသည်။

ပျမ်းမျှအားဖြင့် ယခင်က တစ်ပတ်လျှင် ဆိုင်ကယ် ၅ စီးရောင်းချနေရာမှ လက်ရှိအချိန်တွင် ၂ စီးခန့်သာ ရောင်းရတော့ကြောင်း အဆိုပါ ဆိုင်ကယ်ဝယ်ရောင်းက ဆိုသည်။

ဒေသတွင် တိုက်ပွဲဖြစ်လာသည့်အချိန်တိုင်း အရောင်းအဝယ်နည်းသွားလေ့ရှိကြောင်း ထားဝယ်မြို့မှ ဆိုင်ကယ်ပွဲစားတစ်ဦးက ပြောဆိုသည်။

“ပြေးရလွှားရတဲ့အချိန်ဆို (ရောင်းအား) ပိုဆိုးသွားလေ့ရှိတယ်” ဟု အထက်ပါ ပွဲစားက ပြောသည်။

ထိုသို့ အရောင်းအဝယ်နည်းနေသော်လည်း ဆိုင်ကယ်ဈေးနှုန်းမှာ ကျဆင်းသွားခြင်းမရှိကြောင်း ၎င်းက ဆိုသည်။

သာမန်အားဖြင့် တစ်ပတ်ရစ်ဆိုင်ကယ်ဆိုင်များက နယ်ဝယ်လက်ကို အဓိကထား အရောင်းအဝယ်လုပ်နေခြင်း ဖြစ်ကြောင့် အရောင်းဆိုင်များတွင် အရောင်းအဝယ် နည်းပါးနေခြင်းဖြစ်ကြောင်း ဆိုင်ပိုင်ရှင်အချို့ထံမှ သိရသည်။

ထိုသို့ တစ်ပတ်ရစ်ဆိုင်ကယ်အရောင်းဆိုင်အချို့တွင် ရောင်းအားကျနေသော်လည်း တစ်နိုင်တစ်ပိုင်လုပ်နေသည့် ဆိုင်ကယ်ဝယ်ရောင်းအချို့ကမူ ရောင်းအားကောင်းပြီး ပြန်ဝယ်ရခက်ခဲနေသည်ဟု တစ်နိုင်တစ်ပိုင်လုပ်နေသူအချို့က ဆိုသည်။

ဝယ်ရခက်ခဲနေသည်ဆိုခြင်းမှာ ပြန်ရောင်းချိန် အမြတ်ကျန်မည့်ဈေးဖြင့် ဝယ်ရခက်ခဲနေခြင်းဖြစ်သည်။
“ကျွန်တော်တို့မှာက ထား (ရောင်း) ရင် ကုန်ပဲ။ အခုတောင် ဝယ်ဖို့လာမှာထားကြတာ အများကြီးပဲ။ (ဆိုင်ကယ်) ရှာမတွေ့လို့သာ” ဟု အထက်ပါ ဝယ်ရောင်းလုပ်သူက ပြောသည်။

တစ်ပတ်ရစ်ဆိုင်ကယ်ဆိုင်များက ရောင်းချသည့်ဈေးနှုန်းထက် တစ်နိုင်တစ်ပိုင် ဝယ်ရောင်းလုပ်နေသူများ ရောင်းချသည့် ဈေးက ပျမ်းမျှအားဖြင့် သိန်းဂဏန်းအထိ လျော့နည်းလေ့ရှိသည်။ ထို့ကြောင့် မြို့ပေါ်ဝယ်လက်များမှာ တစ်နိုင်တစ်ပိုင် ရောင်းချသူများထံမှ ဝယ်လေ့ရှိကြသဖြင့် လက်ရှိတွင် ဆိုင်ကယ် အမှာရှိနေခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။  

ထားဝယ်ဈေးကွက်အတွင်း ၂၀၁၅ ခုနှစ်ထုတ် ကလစ်ဆိုင်ကယ်တစ်စီးလျှင်၂၅ သိန်းဝန်းကျင်၊ ၂၀၁၆ ခုနှစ်ထုတ် ကလစ်ဆိုင်ကယ် တစ်စီးလျှင် သိန်း ၃၀ ဝန်းကျင်၊ ၂၀၁၇ ခုနှစ်ထုတ် ကလစ်ဆိုင်ကယ်တစ်စီးလျှင် သိန်း ၄၀ ဝန်းကျင်အထိ ပေါက်ဈေးရှိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။

အဆိုပါဈေးနှုန်းမှာ ‘ယ’ နံပါတ် ဆိုင်ကယ်ပေါက်ဈေးဖြစ်ပြီး ဒေသလိုင်စင်ဟုခေါ်သည့် ‘TNI’ နံပါတ်ရှိ ဆိုင်ကယ်ဈေးမှာ သုံးသိန်းဝန်းကျင်မှ ငါးသိန်းဝန်းကျင်အထိ ဈေးနည်းလေ့ရှိသည်။