ထားဝယ်မြို့ရှိ တိုင်းအစိုးရဝန်ကြီးများအိမ်ရာ လက်နက်ကြီးဖြင့်ထပ်မံပစ်ခတ်ခံရ

0
3336

ထားဝယ်မြို့ပေါ်ရှိ တနင်္သာရီတိုင်း စစ်ကောင်စီအစိုးရအဖွဲ့ ဝန်ကြီးများအိမ်ရာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ‌ထားဝယ်မြို့ခံများနှင့် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDF တို့ထံမှ သိရသည်။

ဇူလိုင်လ ၂၂ ရက် ည ၈ နာရီခွဲခန့်က ၈၁ မမ စိန်ပြောင်းဖြင့် လက်နက်ကြီးကျည် ခုနစ်လုံး ပစ်ခတ်တိုက်ခိုက် ခဲ့ကြောင်း LLPDF က ယနေ့ ဇူလိုင်လ ၂၃ ရက် ညနေပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။

လက်နက်ကြီးကျည် ခုနစ်လုံးစလုံးသည် ဝန်ကြီးများအိမ်ရာဝန်းထဲ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုအခြေအနေကို စုံစမ်းနေဆဲဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါဝန်ကြီးများအိမ်ရာကို LLPDF က မေလကုန်ပိုင်းက တစ်ကြိမ်၊ ဇူလိုင်လ ၁၆ ရက်က တစ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ယခုတိုက်ခိုက်မှုမှာ တတိယအကြိမ်မြောက်ဖြစ်သည်။

လက်နက်ကြီးပစ်ခတ်သံကို ည ၁ နာရီခန့်အထိ ကြားရကြောင်း ဝန်ကြီးများအိမ်ရာ အနီးဝန်းကျင်တွင်နေထိုင်သည့် မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

“မနေ့ညက လက်နက်ကြီးပစ်သံတွေကြားရတယ်။ ဆက်တိုက်ပစ်တာမျိုးမဟုတ်ဘဲ နည်းနည်းကြာမှ တစ်လုံး အဲဒီလိုပစ်တာ” ဟု ၎င်းက ဆိုသည်။

ဝန်ကြီးများအိမ်ရာကို PDF က လက်လုပ်စိန်ပြောင်း ၈၁ မမဖြင့် ပစ်ခတ်သောကြောင့် တိုင်းအစိုးရအဖွဲ့ သယံဇာတ ဝန်ကြီးအိမ်ရာ၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး အိမ်ရာအနီးသို့ ကျရောက်ပေါက်ကွဲကြောင်း စစ်ကောင်စီကို ထောက်ခံရေးသည့် တယ်လီဂရန်ချယ်နယ်များတွင် ရေးသားထားကြသည်။