ထိုင်းတင်ပို့နေသည့် ငါးဈေးထက်ဝက်ခန့်ထိုးကျ၍ လုပ်ငန်းရှင်များ အရှုံးပေါ်

0
2061
ပုံစာ - မြိတ်အပြည်ပြည်ဆိုင်ရာ ငါးလေလံဈေးတွင် ငါးများရောင်းချနေသည်ကိုတွေ့ရစဥ် (ပုံဟောင်း)

ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေသည့် ငါးဈေးများ ထက်ဝက်ခန့်ထိုးကျသွားပြီး တနင်္သာရီတိုင်းမှ ငါးဖမ်းလုပ်ငန်းရှင်များ အရှုံးပေါ်နေကြောင်း မြိတ်ငါးဖမ်းလှေလုပ်ငန်းရှင်များနှင့် တင်ပို့ရောင်းချနေသူများ ထံမှသိရသည်။

ထိုင်းလွှတ်တော်တွင် ဝန်ကြီးချုပ် ရွေးကောက်ပွဲကျင်းပနေပြီး ခန့်အပ်ခံအထက်လွှတ်တော် အမတ်များနှင့် အတိုက်အခံအမတ်များကြောင့် ပြည်သူ့ထောက်ခံမှု အများဆုံးရထားသည့် Move Forward ပါတီခေါင်းဆောင် ပီထာမှာ ဝန်ကြီးချုပ်ဖြစ်ခွင့် မရဖြစ်နေသည်။

ယင်းအပြင် iTV ရှယ်ယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံးက ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခဲ့သည်။

ယင်းအခြေအနေများကို ပြည်သူများက လက်မခံနိုင်သဖြင့် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်နေကြသည်။

ထိုင်းနိုင်ငံရေးအကျပ်အတည်းကြောင့်  ပြည်တွင်းမှတင်ပို့သည့် ငါးများကို ထိုင်းဝယ်လက်များက မဝယ်ရဲကြတော့သလို တစ်ချို့က ဈေးနှိမ်ကာ ဝယ်ယူသဖြင့်  အရှုံးပေါ်နေသည်ဟု ငါးဖမ်းလှေလုပ်ငန်းရှင်များက ပြောသည်။

“ငါးဈေးကတစ်အား ထိုးကျနေတယ်ဆိုတော့ လှေတွေက အခြေအနေ သိပ်မကောင်းဘူး”ဟု မြိတ်မြို့နေ ငါးဖမ်းလုပ်ငန်းရှင် ကပြောသည်။

ယခင်က ငါးပါးနီတစ်ကီလို ဘတ် ၂၂၀ ဈေးပေါက်နေရာမှ လက်ရှိတွင် ဘတ် ၉၀ အထိထိုးကျသွားပြီး တစ်ခြားသောငါးများသည်လည်း ဘတ် ၅၀ မှဘတ် ၃၀ ၊ဘတ် ၁၀၀ မှ ဘတ် ၆၀ အထိ ထက်ဝက်ခန့် ထိုးကျသွားသည်ဟု ငါးဖမ်းလုပ်ငန်းရှင်များနှင့် တင်ပို့ရောင်းချကြသူများကဆိုသည်။

ယင်းငါးစျေးများမှာ ထိုင်းနိုင်ငံရေး အကျပ်အတည်းစတင်ချိန်မှစကာ စျေးထိုးကျသွားခြင်းဖြစ်သည်။

မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့မှ ဖမ်းဆီးရမိသည့် ငါးများကို ထိုင်းနိုင်ငံသို့ အများဆုံးတင်ပို့ ရောင်းချလျက်ရှိသည်။

ပြည်တွင်းစျေးကွက်သို့ တင်ပို့‌ရောင်းချရန် လုပ်ဆောင်သော်လည်း တင်ပို့ရသည့်စရိတ်ကြီးမြင့်မှုနှင့် လမ်းခရီး ကြာချိန်ကြောင့်မကိုက်ဟု ငါးပုဇွန်တင်ပို့ရောင်းချနေသည့် မြိတ်မြို့နေ လုပ်ငန်းရှင်ကပြောသည်။

“ရန်ကုန်ငါးဈေးကို ပြန်ထောက်ကြည့်တော့ မဆိုးဘူး။ အရင်းလောက်တော့ ပြန်ရနိုင်တယ်ဆိုပြီး ပို့ဖို့လုပ်သေးတယ်။ အအေးခန်းကားက ရန်ကုန်ရောက်ဖို့ လမ်းမှာ လေးရက်လောက်ကြာမယ်။ ဘီးလင်းမှာလည်း ပိတ်မိ၊ ညောင်ခါးရှည်မှာလည်းတန်းစီရ၊ ဘယ်နေရာမှာ ဘာဖြစ်မယ်မှန်းမသိတော့ မပို့ဖြစ်တော့ဘူး။ အဓိကနစ်နာသူက လှေရှင်တွေပဲ တစ်ချို့ဆို နားဖို့ပြောနေကုန်ပြီ”ဟု ရေထွက်ပစ္စည်း တင်ပို့နေသူ တစ်ဦးကပြောသည်။

ငါးဈေးထိုးကျမှုကြောင့် ငါးပုံးရေ ၂၀၀၀ ကျော်ပါလှေကြီးဖြင့်ပို့နေရာမှ လက်ရှိတွင်ရပ်နားထားပြီး ပုံးရေ ၁၀၀၀ ကျော်ဆံ့ လှေငယ်ဖြင့် ပို့နေရသည်ဟု ကြားရကြောင်း မြိတ်မြို့နေ ငါးဖမ်းလုပ်ငန်းရှင်ကပြောသည်။

“ငါးကောင်းတွေပဲ ရွေးပြီးပို့နေရတဲ့ သဘောဖြစ်သွားတယ်။ အရင်က Export ပို့နေတဲ့ငါး ခုပါကေး(ငါးအမှုန့်ကြိတ်) ကြိတ်နေရတဲ့ ကိန်းဆိုက်နေပြီ” ဟု ၎င်း ကပြောသည်။

မြိတ်ခရိုင်ငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတစ်ဦးကမူ ငါးဈေးထိုးကျမှုသည် ထိုင်းနိုင်ငံရေးနှင့် ဆိုင်သည်ဟုမထင်ဘဲ တစ်ခြားပြည်ပနိုင်ငံများမှ မွေးမြူရောင်းချသည့် ငါးပုဇွန်များထိုင်းဈေးကွက် ဝင်လာခြင်းကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်သည်။

“ထိုင်းမှာက စီးပွါးရေးသမားက စီးပွါးရေးလုပ်တယ်။ နိုင်ငံရေးသမားက  နိုင်ငံရေးလုပ်တယ်။ နိုင်ငံရေးကြောင့် စီးပွါးရေးထိခိုက်သွားနိုင်တဲ့ အနေအထားမျိုးမတွေ့ရဘူး။ နိုင်ငံရေးဘယ်လောက်ဖြစ်ဖြစ် သူတို့စီးပွါးရေးကို သူတို့ထိန်းနိုင်တယ်”ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် အပတ်က အီကွေဒေါနိုင်ငံဘက်မှ မွေးမြူရေးပုဇွန်အများအပြား ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်ခဲ့ပြီး တခြားနိုင်ငံအချို့မှ ဈေးပေါပါဖြင့် ငါးများလည်း ထိုင်းဈေးကွက်အတွင်း ဝင်လာသည်ဟု ကြားရကြောင်း ၎င်းကဆိုသည်။

“သူတို့စက်ရုံတွေမှာ လုံလောက်မှုရှိနေလို့ ဈေးချတာလား ဒါကလည်း စဥ်းစားစရာတစ်ချက်ပါ။ ဘာကြောင့် ငါးဈေးကျသွားလဲဆိုတော့  လတ်တလောမှာ တိတိကျကျမပြောနိုင်သေးဘူး”ဟု ၎င်းကပြောသည်။

ငါးဈေးများ မတန်တဆထိုးကျနေသော်လည်း ဒေသခံစားသုံးသူများ နေ့စဥ်ဝယ်ယူစားသုံးနေသည့် ဈေးကွက်အတွင်းမှာမူ ထင်သလောက် ဈေးကျဆင်းမှုမရှိသေးကြောင်း တွေ့ရသည်။

တနင်္သာရီတိုင်းတွင် ကမ်းဝေးငါးဖမ်းလှေ ၁၅၀၀ ကျော်ရှိပြီး ကမ်းနီးလှေငယ်များမှာ သောင်းချီရှိကြောင်း ငါးဖမ်းလုပ်ငန်းရှင် အသိုင်းအဝိုင်းမှသိရသည်။