လောင်းလုံးတွင် စိုက်ပျိုးရေးဌာန ဒုဦးစီးမှူးတစ်ဦးပစ်သတ်ခံရ

0
2729

လောင်းလုံးမြို့နယ် ‌ဂေါ့အင်းကျေးရွာတွင်နေထိုင်သည့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံအချို့က ပြောသည်။

သေဆုံးသူမှာ အသက် ၅၀ ဝန်းကျင်အရွယ် ဦးသိန်းဦးဖြစ်ပြီး ဇူလိုင်လ ၂၁ ရက် ည ၇ နာရီကျော်တွင် ဂေါ့အင်းကျေးရွာရှိ ၎င်းနေထိုင်သည့်အိမ်သို့ လက်နက်ကိုင်လူတစ်စု သေနတ်ပစ်ဖောက်ရောက်ရှိလာကြောင်း ဒေသခံအချို့က ဆိုသည်။

ယင်းနောက် နေအိမ်မှ ခေါ်ထုတ်သွားကာ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

“သေနတ်သံက သုံးလေးချက်လောက်ကြားလိုက်တယ်။ အလောင်းကိုတော့ မနက်မှ သွားကောက်ကြတာ။ ဆီအုန်းတောစပ်မှာ သွားကောက်လာရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။  

လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဦးသိန်းဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယနေ့ ဇူလိုင်လ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်၊ ပျူစောထီးများနှင့်အတူ ဦးသိန်းဦးသည် ခရီးသွား ပြည်သူများကို စစ်ဆေးခြင်း၊ ဆက်ကြေးကောက်ခံခြင်းတို့ လုပ်ဆောင်နေသူဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရန်ကုန်-ထားဝယ် ကားလမ်းရှိ မလွှဲ‌တောင်စစ်ဆေးရေးဂိတ်တွင်လည်း ဆက်ကြေးကောက်ခံခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယင်းလုပ်ရပ်များ မလုပ်ဆောင်ရန်လည်း အကြိမ်ကြိမ်သတိပေးထားပြီဖြစ်ကြောင်းလည်း ဆိုသည်။

‌“ကျွန်တော်သိသလောက်ဆိုရင်တော့ နှစ်ခါလောက်ရှိပြီ၊ သတိပေးနေတာ။ ဘာလို့ သိလဲဆိုတော့ သူတို့အိမ်ကို သေနတ်တွေဖောက်ပြီး (PDF) လာဖူးတယ်လေ” ဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းသို့ သတိပေးခံရပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်ရုံးသို့ ဆိုင်ကယ်ဖြင့် မသွားတော့ဘဲ ခရီးသည်တင်ကားဖြင့် သွားလေ့ရှိသည်ဟု ဆိုသည်။

“သူ့မိန်းမလည်း ဈေးမှာ မုန့်ဟင်းခါးမရောင်းတော့ဘူး။ သတိလာပေးပြီး ကတည်းကပဲ။ အိမ်မှာပဲရောင်းနေတာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

သေဆုံးသူ ဦးသိန်းဦးမှာ ဒေသခံမဟုတ်ဘဲ ဗမာလူမျိုးဖြစ်ပြီး ဂေါ့အင်းသူနှင့် အိမ်ထောင်ကျကာ ယင်းရွာ‌တွင် အခြေချနေထိုင်သည်မှာ နှစ် ၂၀ နီးပါးရှိနေပြီဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

လက်ရှိတွင် ဦးသိန်းဦး၏ အသုဘအခမ်းအနားကို နေအိမ်တွင်ပြင်ဆင်ထားကြောင်း ၎င်းတို့ထံမှ သိရသည်။