လူငယ်တစ်ဦးကို သိမ်ဇရပ်အမြောက်တပ်က ဖမ်းဆီးသွားပြီး အ‌လောင်းသာပြန်ပေး

0
1994

လူငယ်အမျိုသားတစ်ဦးကို ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီအမြောက်တပ် (၃၁၀) က ဖမ်းဆီးသွားပြီးနောက် တစ်ရက်အကြာတွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့သည်။

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် ဇီးပြောင်းကျေးရွာနေ အသက် ၂၅ နှစ်အရွယ် မောင်ချစ်လေးဆိုသူကို ဇူလိုင်လ ၁၇ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင်လ ၁၈ ရက်နေ့တွင် အလောင်းလာထုတ်ရန် မိသားစုကို အကြောင်းကြားခဲ့ခြင်းဖြစ်သည်။

မောင်ချစ်လေးသည် ဆိုင်ကယ်ဖြင့် သိမ်ဇရပ်စျေးတွင် စျေးဝယ်ပြီးအပြန် သိမ်ဇရပ်လမ်းဆုံ ဂိတ်နေရာအရောက်တွင် စစ်ကောင်စီတပ်သားတစ်ဦး စီးနင်းလာသည့် ဆိုင်ကယ်နှင့်တိုက်မိမှု ဖြစ်ပွားခဲ့သည်။

ထိုဆိုင်ကယ်တိုက်မိမှုဖြစ်ပွားပြီး ၁၅ မိနစ်ခန့်အကြာတွင် သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီ အမြောက်တပ် (၃၁၀) မှ တပ်ဖွဲ့ဝင်များ ရောက်ရှိလာပြီး မောင်ချစ်လေးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“အမြောက်တပ်က စစ်သားနှစ်ယောက်က ခဏလိုက်ခဲ့ဆိုလို့ သူက လိုက်သွားတယ်။ မိုးချုပ်လည်း ပြန်မရောက်ဘူး။ နောက်နေ့ မနက်ကျတော့ ဆုံးသွားပြီးဆိုတဲ့ သတင်းကြားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

မောင်ချစ်လေးရုပ်အလောင်းတွင် မျက်ကွင်းညို၊ နှုတ်ခမ်းကွဲ၊ လည်ပင်းနှင့် ဂုတ်ပိုး ညိုမဲစွဲ၊ ဦးခေါင်းညိုမဲစွဲ ဒဏ်ရာများတွေ့ရှိရပြီး ရိုက်နှက်နှိပ်စက်ခံထားရသည်ကို တွေ့ရှိရကြောင်း ဒေသခံများကဆိုသည်။

မောင်ချစ်လေးသည် ဇူလိုင်လ ၁၈ ရက်နေ့က သိမ်ဇရပ်တိုက်နယ်ဆေးရုံတွင် သေဆုံးသွားသည်မှာ မှန်ကန်ကြောင်း သိမ်ဇရပ်တိုက်နယ်ဆးရုံအုပ် ဒေါက်တာမြတ်ဆုဝေက လက်မှတ်ရေးထိုး စာထုတ်ထားသည်။

စစ်ကောင်စီထောက်ခံတယ်လီဂရမ်ချန်နယ်တွင် မောင်ချစ်လေးကို ဂိတ်လုံခြုံရေးတပ်ဖွဲ့တို့က တားဆီးစစ်ဆေးစဥ် ဖုန်းထဲ၌ PDF စခန်းတွင် ရိုက်ထားသည့် ဗီဒီယိုတွေ့ရှိပြီး သိမ်ဇရပ်ရဲစခန်းတွင် ဖမ်းဆီးချုပ်နှောင်ထားစဥ် အမောဖောက်သဖြင့် ဆေးရုံပို့ဆောင်ခဲ့ကြောင်း၊ ဆေးရုံရောက်ပြီးနောက်တွင် သေဆုံးသွားကြောင်း ရေးသားဖော်ပြထားသည်။

ဒေသခံတို့ပြောဆိုချက်အရ မောင်ချစ်လေးသည် မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ်သက်ခြင်းမရှိဘဲ စျေးအရောင်းအဝယ်ဖြင့် လုပ်ကိုင်စားသောက်နေသည့် သာမန်ပြည်သူတစ်ဦးသာ ဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလကလည်း စစ်ကောင်စီအမြောက်တပ် (၃၁၀) မှ တပ်ကြပ်ကြီး ဦးတင်ရွှေ(ငြိမ်း) ၏ ချွေးမဖြစ်သူနှင့် စကားများခဲ့သည့် ဆိပ်ကလေးကျေးရွာနေ အမျိုးသားတစ်ဦးကိုလည်း စစ်ကောင်စီတပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သေးသည်ဟု ဒေသခံတို့ထံမှ သိရသည်။