အာဇာနည်နေ့တွင် ဗိုလ်မှူးကြီးဗထူးဇာတိရွာ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရ

0
3640

ယနေ့ကျရောက်သည့် အာဇာနည်နေ့တွင် ဗိုလ်မှူးကြီးဗထူး၏ ဇာတိကျေးရွာရှိ ဗိုလ်မှူးကြီးဗထူးရုပ်တု စိုက်ထူးထားရာ နေရာအနီးသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

ဗိုလ်မှူးကြီးဗထူး၏ ဇာတိကျေးရွာမှာ လောင်းလုံးမြို့နယ်ရှိ လေးသွန်းခံကျေးရွာဖြစ်သည်။

ယနေ့ နံနက် ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်တွင် စစ်ကောင်စီတပ်က လေးသွန်းခံကျေးရွာဖက်သို့ လက်နက်ကြီးဖြင့် လေးငါးကြိမ်ခန့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။

လက်နက်ကြီးကျည်တစ်လုံးသည် ဗိုလ်မှူးကြီးဗထူးရုပ်ထုနှင့် ကိုက် ၃၀၀ ကျော်ခန့်အကွာ လေးသွန်းခံတိုက်ကျောင်း (ဘုန်းကြီးကျောင်း) နံဘေးရှိ အိမ်နှစ်ဆောင်ကြားကျရောက်ပေါက်ကွဲကြောင်း ဒေသံအချို့က ပြောဆိုသည်။

လက်နက်ကြီးထိမှန်သဖြင့် နေအိမ်နှစ်ဆောင်ရှိ ပြတင်းပေါက်မှန်များ ကွဲကြေသွားကြောင်း ၎င်းတို့က ဆိုသည်။

ကျန်လက်နက်ကြီးကျည်တို့မှာ ‌ဗိုလ်မှူးကြီးဗထူးကျေးရုပ်တု၏ နောက်ကျောဘက် ဆီအုန်းတောထဲ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။

လက်နက်ကြီးကျရောက်သည့်အချိန်မှာ ၁၀ နာရီ မိနစ် ၃၀ ဝန်းကျင်တွင်ဖြစ်သည်။

အာဇာနည်ပုဂ္ဂိုလ် ၉ ဦး ကျဆုံးသည့်အချိန်မှာ ၁၀ နာရီ ၃၇ မိနစ်ဖြစ်ပြီး ယင်းအချိန်တွင် နိုင်ငံတဝန်း အာဇာနည်နေ့ အခမ်းအနား ကျင်းပလေ့ရှိသည်။

လေးသွန်းခံရွာရှိ ဗိုလ်မှူးဗထူးရုပ်တုတွင်မူ တော်လှန်ရေးအင်အားစုတို့က ဗိုလ်မှူးကြီးဗထူးနှင့်သက်ဆိုင်သည့် အထိမ်းအမှတ်နေ့တို့တွင် အခမ်းအနားများ ကျင်းပပြုလုပ်လေ့ရှိသည်။

သို့သော် ယနေ့ စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်ချိန်တွင် လေးသွန်းခံကျေးရွာတွင် အာဇာနည်နေ့အခမ်းအနားမျှ ကျင်းပခြင်း မရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့အဝင်နှင့် မလှမ်းမကမ်းတွင်ရှိသည် ဒေသအခေါ် ပိုစာပင်တောင်တွင် နေရာယူပြီး လေးသွန်းခံရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောဆိုကြသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကလည်း ပိုစာပင်တောင်နှင့် တစ်ဆက်တည်းရှိပြီး လေးသွန်းခံရွာအနီးဝန်းကျင်က ထားဝယ်-ရှင်မော်သွားလမ်းတစ်နေရာတွင် လာရောက်တပ်ဖြန့် နေယူထားကြောင်း‌ ဒေသခံအချို့ကဆိုသည်။

စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်လိုက်ချိန်တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဘက်ကလည်း လက်နက်ငယ် ပစ်ခတ်သံများထွက်ပေါ်လာကြောင်း အနီးဝန်းကျင်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

“သေနတ်သံတွေ ထွက်လာတော့ တိုက်ပွဲဖြစ်ပြီထင်ပြီး ပြေးကြတာပေါ့။ လမ်းမဘေးကအိမ်တွေဆို တစ်ဆောင်မှ မရှိတော့ဘူး” ဟု ၎င်းက ပြောဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း လောင်းလုံးမြို့နယ်အတွင်း နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားလျှက်ရှိပြီး လက်နက်ကြီးအသုံးပြု ပစ်ခတ်မှုများလည်း ရှိသည်။

လေးသွန်းခံကျေးရွာမှာ အာဏာသိမ်းပြီးချိန်မှ ယနေ့အချိန်အထိ မည်သည့်ပဋိပက္ခဖြစ်ပွားမှုမျှ မရှိသည့်အပြင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသည်မှာလည်း ပထမဆုံးအကြိမ်ဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။

နံနက် ၁၁ နာရီဝန်းကျင်တွင် စစ်ကောင်စီဖက်ကလည်း လောင်းလုံးမြို့ထဲ ပြန်ဆုတ်သွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေး အဖွဲ့တို့ဖက်ကလည်း ပြန်လည်ဆုတ်ခွာသွားသည်ဟု ဒေသခံတို့က ဆိုသည်။