ကားစရိတ်မတတ်နိုင်၍ ထိုင်းတောင်ပိုင်းပြိုင်ပွဲတွင် ဝင်မပြိုင်ဖြစ်ဟု ထားဝယ်သားပြော

0
2116

ကားဝယ်ရမည့် စရိတ်မတတ်နိုင်သည့်အတွက် ထိုင်းနိုင်ငံတောင်ပိုင်းတွင် ကျင်းပမည့် ကားမောင်းပြိုင်ပွဲကို ဝင်မပြိုင်ဖြစ်တော့ကြောင်း ထားဝယ်သား ကိုပြည့်ဇော်ဟိန်းက ပြောသည်။

ကိုပြည့်ဇော်ဟိန်းသည် ထိုင်းနိုင်ငံ ကန်ချနာဘူရီခရိုင်တွင် ပြီးခဲ့သည့်လကကျင်းပခဲ့သည့် ငါးနိုင်ငံဖိတ်ခေါ် ကားမောင်းပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး နှစ်သိမ့်ဆုရရှိခဲ့သည်။

ထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်တွင် ဩဂုတ်လ ၁၂ ရက်နေ့မှ ၁၄ ရက်နေ့အထိကျင်းပမည့် ကားမောင်းပြိုင်ပွဲကိုမူ ကားဝယ်ရမည့်စရိတ် ကြီးမားသည့်အတွက် ဝင်မပြိုင်ဖြစ်တော့ကြောင်း ကိုပြည့်ဇော်ဟိန်းက ဆိုသည်။

ကန်ချနဘူရီခရိုင်ပြိုင်ပွဲတွင် ဝင်ပြိုင်ခဲ့သည့် ပြိုင်ပွဲအမျိုးအစား Hilux Revo Off Road ပြိုင်ပွဲဖြစ်ပြီး လက်ရှိကျင်းပမည့် ပြိုင်ပွဲတွင် ယင်းပြိုင်ပွဲ မပါဝင်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိကျင်းပမည့် ပြိုင်ပွဲအမျိုးအစားမှာ ကားသွားရန် မဖြစ်နိုင်လောက်သည်အထိ ကြမ်းတမ်းသည့် ခရီးကြမ်းပြိုင်ပွဲဖြစ်သည်။

“တစ်ကယ်က ကျွန်တော်ကြိုက်တဲ့အမျိုးအစား(ပြိုင်ပွဲ)က အဲဒီအမျိုးအစားလေ။ အခုက (ငွေ)မနိုင်သေးလို့ အစအနေနဲ့ Revo ကနေ စတာ။ တဖြည်းဖြည်းနဲ့တော့ ဖြစ်လာမှာပေါ့။ကျွန်တော်ကြိုက်တာက ရွှံ့အင်းတွေ တောင်တွေတက်တာကို ကြိုက်တာ”ဟု ကိုပြည့်ဇော်ဟိန်းက ပြောသည်။

ထို့အပြင် ယခင်ပြိုင်ပွဲတွင် အသုံးပြုခဲ့သည့်ကားအမျိုးအစားနှင့် ယခုပြိုင်ပွဲတွင် အသုံးပြုရမည့် ကားအမျိုးအစားမှာ မတူညီကြောင်း ၎င်းက ဆိုသည်။

လက်ရှိကျင်းပမည့် ကားမောင်းပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရမည့်ကားအမျိုးအစားမှာ တစ်စီးလျှင် ဘတ် ၈ သိန်းခန့် (မြန်မာငွေသိန်းခုနှစ်ရာကျော်) ရှိကြောင်း ကိုပြည့်ဇော်ဟိန်းက ရှင်းပြသည်။

ထို့အပြင် ကားအတွက် စပယ်ယာ(ပစ္စည်းအပို)အဖြစ် ရှော့ဘား၊ အင်ဂျင် အစရှိသည့် ပစ္စည်းများလည်း လိုအပ်ကြောင်း ၎င်းက ဆိုသည်။

ထိုင်းတောင်ပိုင်းတွင် ကျင်းပမည့် ကားမောင်းပြိုင်ပွဲကို စူရတ်ခရိုင်ရှိ စူရတ်မြို့နှင့် ကော့စမွေကျွန်းတွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။