ပိတ်ထားသည့် ကံပေါက်ရွာလမ်း ပြန်ဖွင့်သော်လည်း ရွာထဲတွင်အစစ်ဆေးပြန်တင်းကျပ်

0
3379

မိုင်းတွေ့သဖြင့် ပိတ်ထားသည့် ရေဖြူမြို့နယ် ကံပေါက်ကျေးရွာ ရွာအဝင်လမ်းကို ပြန်ဖွင့်ပေး‌လိုက်ပြီဖြစ်သော်လည်း ရွာထဲတွင် ပြန်ပြီး စစ်ဆေးတင်းကျပ်‌နေကြောင်း စုံစမ်းသိရှိရသည်။

မိုင်းတွေ့သဖြင့် ယနေ့ ဇူလိုင်လ ၁၅ ရက် နံနက်ပိုင်းတွင် ရွာဝင်လမ်းဖြစ်သည့် သစ်တောရုံးလမ်းဆုံအား စစ်ကောင်စီက ပိတ်ထားခဲ့သည်။

မိုင်းရှင်းပြီးနောက် ဆိုပါလမ်းအား ညနေ ၃ နာရီဝန်းကျင်တွင် ပြန်ဖွင့်ပေးခဲ့သော်လည်း စစ်ကောင်စီတပ်ဖွဲ့က ကံပေါက်ရွာထဲ ဝင်လာပြီး တင်းတင်းကျပ်ကျပ်စစ်ဆေး‌နေကြောင်း ဒေသခံအချို့က ဆိုသည်။

ယနေ့ ညနေ ၇ နာရီအချိန်အထိ စစ်ဆေးနေဆဲဖြစ်ကြောင်း ၎င်းတို့က ပြောဆိုသည်။

မောရဝတီရေတပ်က စစ်ကောင်စီတပ်သားများ လိုက်ပါသည့် စစ်ကားအကြီး နှစ်စီးနှင့် ကားအငယ် သုံးစီး စုစုပေါင်း ငါးစီးသည် ကံပေါက်ရွာအတွင်းရောက်ရှိလာပြီး ကံပေါက်ဈေးနှင့် အထက်တန်းကျောင်းအနီးတွင် နေရာယူ စစ်ဆေးနေကြောင်း ဒေသခံတို့က ဆိုသည်။

“ကားတွေကတော့ ၃ နာရီထိုးတာနဲ့ ဝင်လာတာပဲ။ ပါဆင်ဂျာ (ခရီးသည်ယာဉ်လိုင်းကား) တွေရော ဘေးတွဲတွေရော အားလုံးဝင်လာတယ်။ စစ်ကားတွေလည်း အဲဒီကားတွေဝင်လာပြီးတာနဲ့ နောက်ကလိုက်လာပြီး ရွာထဲမှာ စစ်နေတယ်” ဟု ကံပေါက်ရွာသားတစ်ဦးက ပြောသည်။

ကံပေါက်ရွာပတ်လမ်းရှိ ဘုရားမဲရွာအဝင်အနီးက သံတံတားတွင်လည်း ဇူလိုင်လ ၁၅ ရက် ညနေပိုင်းအထိ စစ်ကောင်စီတပ်သားတွေ လုံခြုံရေးယူထားကြောင်း မျက်မြင်တွေ့ရသူများက ပြောဆိုသည်။

ကံပေါက်ဒေသသည် မောရဝတီရေတပ်စခန်းအခြေစိုက်ရာဒေသဖြစ်ပြီး မကြာခဏ ရေတပ်က စစ်ဆေးတင်းကျပ်လေ့ရှိသည်။

ကံပေါက်‌ဒေသသည် ဇန်နဝါရီလ နောက်ဆုံးအပတ်ကစပြီး ယနေ့အချိန်အထိ ဆိုင်ကယ်စီးခွင့် ပိတ်ပင်ခံထားရသည့် ဒေသလည်းဖြစ်သည်။ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးအပါအဝင် အမျိုးသားသုံးဦး ပစ်သတ်ခံရပြီးနောက် ပိတ်ပင်ထားခြင်း ဖြစ်သည်။