ကမ္ဘာတလွှား သိသိသာသာ ခြိမ်းခြောက်ခံလာရသည့် သမားတုပြဿနာ

0
1842

သံသယဖြစ်ဖွယ် ဆီးချိုရောဂါကုထုံး ကို ထောက်ခံနေသည့် ထိုင်းဆရာဝန်၊ ဆီးခုံနေရာ မြှင့်ပေးသည် ဆိုသည့် အတွင်းခံဘောင်းဘီကို  ကြေညာနေသော ဖိလစ်ပိုင် ဆရာဝန် ၊ ကာကွယ်ဆေးဆန့်ကျင်ရေး ပူးပေါင်း ကြံစည်မှုများကို နှိုးဆော်နေသည့် အမေရိကန်ဆရာဝန်တစ်ဦး  အစရှိသည့် အကြောင်းအရာ အားလုံး သည် လက်တွေ့ဘဝမှာ ကျန်းမာရေးပညာရှင်များ၏ ဖြစ်တည်မှုကို ခိုးယူထားသည့် ဖြစ်စဉ်များ ဖြစ်ကြသည် ။

အေအက်ဖ်ပီ သတင်းဌာန၏ အချက်အလက်စစ်ဆေးမှုအရ လိမ်လည်သူများသည် ဆရာဝန်အသွင်ယူပြီး အတုအယောင် ကုသမှုများနှင့် ထုတ်ကုန်များကို ဖြန့်ချိနေကြောင်းတွေ့ရသည်။

အယောင်ဆောင် ဆရာဝန်များက ၎င်းတို့၏ ထင်မြင်ချက်များနှင့် ထောက်ခံချက်များကို တကယ့် ဆရာဝန်များ အသွင်ယူကာ ပုံမှားရိုက်နေကြခြင်းဖြစ်သည်။

နာမည်ကြီး ဆရာဝန်များ၏ ဓာတ်ပုံများကို အသုံးပြုကာ ယင်းဆရာဝန်များက ပြောဆိုသယောင်လုပ်ကာ ဆေးဝါးအတုများကို လိမ်လည်ရောင်းချမှုများလည်း ရှိနေသည်။

ဤသို့ ပစ်မှတ်ထားခံရခြင်းအားဖြင့် ကျန်းမာရေးပညာရှင်များ သည် ၎င်းတို့၏ ဂုဏ်သိက္ခာကို ညှိုးနွမ်းမှု အပြင် နှောင့်ယှက်မှုကို ကြုံတွေ့ရသည့် အပြင် အချို့သော ကိစ္စများတွင် ဥပဒေဆိုင်ရာ စိန်ခေါ်မှုများကိုပါ ရင်ဆိုင်ကြရတတ်သည်။

စျေးကွက်အတွင်း ဆေးပညာဆိုင်ရာ အယောင်ဆောင်လှည့်စားမှုများ ကြီးထွားလာခြင်းသည် သာမန် စားသုံးသူများအတွက် ငွေကြေးဆုံးရှုံးမှုအပြင် ဘေးကင်းပြီး ယုံကြည်စိတ်ချရသော ကျန်းမာရေး စောင့်ရှောက်မှုများလည်း မရရှိတော့ပေ။

“လတိုင်းနီးပါး အယောင်ဆောင်ခံရတာမျိုး ရှိပါတယ်” လို့ ထိုင်းနိုင်ငံမှ အာရုံကြော ပညာရှင် ပါမောက္ခ Thiravat Hemachudha က ပြောသည်။

“ဒီလိုလိမ်လည်လှည့်ဖြားသူတွေဟာ ငွေရချင်တာကြောင့် သူတို့ရဲ့ မှတ်ချက်တွေကို လူတွေ ထောက်ခံကြဖို့အတွက် အပြင်မှာ တကယ့် နာမည်ကြီး ဒါမှမဟုတ် ယုံကြည်ရလောက်တဲ့ ကျန်းမာရေးကျွမ်းကျင်သူတွေလိုမျိုး ကိုးကားအသွင်ယူကြပါတယ်”

တကယ်တမ်း အာရုံကြောအထူးကု ဖြစ်သော်ငြား ပါမောက္ခ  Thiravat ၏အမည်သည် လူလိမ်များကြောင့် လူမှုကွန်ရက် Facebook ပေါ်တွင် ဆီးချို၊ သွေးချိုရောဂါမှသည် လိင်တံကြီးထွားခြင်းအထိ ကုထုံး အမျိုးမျိုး ကို ကြော်ငြာထားသော ကြော်ငြာများနှင့် ပို့စ်များတွင် ဖော်ပြခံနေရသည်။ 

ဤကဲ့သို့သော သတင်းမှားများ၏ နောက်ကွယ်တွင် မည်သူမည်ဝါ ကြိုးကိုင်နေကြောင်း ရှင်းရှင်းလင်းလင်း မသိရသော်လည်း ဤသို့သော အပြုအမူသည် “စားသုံးသူများ၏ ကျန်းမာရေးကို သိသိသာသာ ခြိမ်းခြောက်မှု” ဖြစ်လာကြောင်း ၎င်းက သတိပေးသည်။

‘အယောင်ဆောင် အံ့ဖွယ်ကုထုံးများ’

ဖိလစ်ပိုင်မှ Marissa David အမည်ရ အမျိုးသမီးတစ်ဦးသည် သည် နိုင်ငံတွင်း နာမည်ကြီး ဆရာဝန် တစ်ဦး ဖြစ်သည့် Willie Ong မှ အကြံပြုထားသည်ဟု ဆိုကာ ကြော်ငြာထားသည့် ခရင်မ်တစ်ခုကို ဝယ်ယူလိုက်ရင်း သူမ၏ ခန္ဓာကိုယ်အတွင်း အကျိတ် အတွက် အကောင်းဆုံး ကုသနည်းကို ရှာဖွေတွေ့ရှိခဲ့ပြီ ဟု ယူဆခဲ့သည်။

သို့သော် သူ့အတွက် နည်းပါးသော ကုန်ကျစရိတ်တစ်ခု မျှသာ ရှိခဲ့သည့်  ၊ အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၅ ဒေါ်လာတန်  အဆိုပါ ခရင်မ် သည် သူမ၏ အကျိတ်အတွက် အာနိသင်တစ်စုံတရာ မရှိခဲ့သလို ဒေါက်တာ Ong ၏ တရားဝင် ကြော်ငြာထားသည့် ပစ္စည်းလည်း မဟုတ်နေခဲ့ပေ။

“ဒါက သင်ခန်းစာယူစရာပါပဲ” လို့ David က ပြောသည်။ “အထူးသဖြင့် အဲဒီလို ထုတ်ကုန်တွေကို ကျွန်ုပ် ကိုယ်တိုင်သိတဲ့ ဆရာဝန်က အကြံပြုတာမဟုတ်ရင် ဘယ်ဟာကိုမှ လွယ်လွယ်နဲ့ မယုံသင့်ပါဘူး။”

လူကြိုက်များသော ဆိုရှယ်မီဒီယာလွှမ်းမိုးသူ တစ်ဦး လည်းဖြစ်သည့် ဖိလစ်ပိုင်ဆေးပညာရှင် ဒေါက်တာ Winston Kilimanjaro Creones Tiwaquen ၏ ပုံရိပ်သည်လည်း အမျိုးသားလိင်အင်္ဂါကို ကြီးထွားလာစေသည်ဟု လိမ်လည်ကာ သံလိုက်ပါသည့် အတွင်းခံများကို ကြော်ငြာသည့် Facebook စာမျက်နှာများပေါ်တွင် အယောင်ဆောင် အသုံးပြုခံထားရသည်။

မြန်မာ နှင့် ဘူလ်ဂေးရီးယား ကဲ့သို့သော အခြားနိုင်ငံများတွင်လည်း အလားတူ အယောင်ဆောင် လှည့်စားမှုများကို တွေ့ရှိခဲ့သည်။

ယင်းအတွက် အေအက်ဖ်ပီ သတင်းဌာန သတင်းမှားများကို ချေဖျက်ရန် Meta ကုမ္ပဏီပိုင် လူမှုကွန်ရက်တစ်ခု ဖြစ်သည့် Facebook ၏ ပြင်ပအချက်အလက် စစ်ဆေးခြင်း အစီအစဉ်နှင့်အတူ သတင်းထောက်များနှင့် လုပ်ဆောင်နေသော အပြည်ပြည်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ရှိသည်။

အေအက်ဖ်ပီ  သည် ဖိလစ်ပိုင်နိုင်ငံရှိ လူမှုကွန်ရက်ပေါ် လွှမ်းမိုးမှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့် ရှုပ်ထွေးသော ရောဂါများကိုပင် ကုသပေးနိုင်ကာ “ဆရာဝန်-အကြံပြုသည် ဟု ဆိုထားသော” အမြန် ကုထုံးများကို ကြော်ငြာထားသည့်၊ ဒေါက်တာ Ong သို့မဟုတ် ဒေါက်တာ Tiwaquen အဖြစ် အယောင်ဆောင်ထားကာ ဖြတ်ညှပ်ကပ်ထားသည့် ဗီဒီယိုများနှင့်အတူ Facebook ပို့စ်များကို  ဒါဇင်တစ်ဝက်ခန့် ဖျက်ချခဲ့သည်။

“အထူးသဖြင့် ယုံကြည်စိတ်ချရတဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို လက်လှမ်းမမီတဲ့ အသိုင်းအ၀ိုင်းတွေက ပြည်သူတွေဟာ တခုခုဆိုရင် (အင်တာနက်ပေါ်မှာ) အံ့ဖွယ်ကုထုံးတွေ ဒါမှမဟုတ် လွယ်ကူတဲ့ကုထုံးတွေ လိုမျိုး အမြန်ဖြေရှင်းနည်းတွေကို ရှာလေ့ရှိပြီး အဲ့ဒီလို လုပ်တာက လှည့်စားမှုတွေရဲ့ သားကောင်အဖြစ် ကျရောက်နိုင်တယ်” လို့ အမေရိကန် နိုင်ငံ ၊ ကော်လိုရာဒို အခြေစိုက် Payne Institute မှ အရာရှိ Patricia Schouker က မှတ်ချက်ပြုခဲ့သည်။

“ဆရာဝန်ပမာ အယောင်ဆောင်လိုက်ခြင်းက အဲ့ဒီလို လိမ်လည်သူတွေကို စစ်မှန်မှု နဲ့ ယုံကြည်စိတ်ချရမှု အသွင်ကို ပေးလိုက်သလိုပါပဲ”

‘သတင်းမှားကို ဆန့်ကျင်ပါ’

အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါအခြေစိုက် အတွင်းလူနာ စောင့်ရှောက်မှု ဆိုင်ရာ အထူးကု ဒေါက်တာ Natalia Solenkova ကဲ့သို့သော ဆရာဝန်များအတွက် ထိုကဲ့သို့သော မဟုတ်မမှန်သတင်းများသည် လူမှုကွန်ရက်ပေါ်တွင် ပြင်းထန်စွာ ဖိအားပေးခြိမ်းခြောက်မှုများ ကို ကြုံတွေ့ရစေခဲ့သည်။ 

ယခုနှစ်အစောပိုင်းတွင် လူမှုကွန်ရက် Twitter ပေါ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြောင်း ကို သူမ ၏ နာမည်အပြင် Twitter အကောင့်နာမည် ကိုပါ ထည့်သွင်းကာ လုပ်ကြံဖန်တီးထားသော ပို့စ်တစ်ခု၏ ပုံအပေါ်  အမေရိကန် podcast အစီအစဉ် တင်ဆက်သူ Joe Rogan အပါအဝင် ရှေးရိုးစွဲဝေဖန်သူများက ချဲ့ကားဝေဖန်ခဲ့ကြသည်။

“Roganမှာ (Twitter) follower သန်းပေါင်းများစွာ ရှိတာ ကို သိထားတဲ့အတွက် ကျွန်ုပ်အနေနဲ့ ခြိမ်းခြောက်ခံရသလို ခံစားခဲ့ရပါတယ်” ဟု ဒေါက်တာ Solenkova က အမေရိကန် ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်း ထံ  ပြောကြားခဲ့သည်။

“ဒါက ကျွန်ုပ်ရဲ့ အသက်မွေးဝမ်းကျောင်းမှု ၊ အလုပ် အပြင် နာမည်နဲ့ ဂုဏ်သိက္ခာ အပေါ်  ခြိမ်းခြောက်နေသလို ခံစားရစေခဲ့ပါတယ်။”

Rogan သည် နောက်ပိုင်းတွင် ၎င်း၏အမှားကို ဝန်ခံခဲ့သော်လည်း ယင်းအချိန်မှာမူ  ဒေါက်တာ Solenkova သည် အဆိုပါ သတင်းမှားကြောင့် အမုန်းစကားများနှင့် စာများ ပလူပျံအောင် ပေးပို့ခံခဲ့ရပြီး ဖြစ်သည်။

“ကျွန်ုပ်တို့ (သမားတော်တွေ) အနေနဲ့ ဒီလို မဟုတ်မမှန်သတင်းများကို ဆန့်ကျင်ကြတဲ့နေရာမှာ ဆက်ပြီး စည်းစည်းလုံးလုံး ရှိကြဖို့ လိုအပ်ပါတယ်၊” ဟု ဒေါက်တာ Solenkova က ပြောကြားခဲ့သည်။ “ဒီလို သတင်းမှားတွေနဲ့ နောက်ဆက်တွဲ ဒီလို နှောင့်ယှက်မှုတွေကို ဆန့်ကျင်နိုင်ဖို့ လိုအပ်ပါတယ်။”

ဖိလစ်ပိုင်နိုင်ငံမှ ဒေါက်တာ Ong ကဲ့သို့သော သမားတော်အချို့သည် သူတို့နှင့်မသက်ဆိုင်သော ၊ အခွံမာသီးမျိုးစုံပါဝင်သော အမှတ်တံဆိပ် ဆိုင်ရာ ပလူပျံနေသည့် ထုတ်ကုန် ကြော်ငြာများနှင့်ပတ်သက်၍ တရားရေးဆိုင်ရာ ခြိမ်းခြောက်မှုများကိုလည်း ရင်ဆိုင်ခဲ့ကြရသည်။

ကွယ်လွန်သူ ဖိလစ်ပိုင်သမ္မတ Benigno Aquino III ၏ ညီမဖြစ်သူက ဒေါက်တာ Ong အား ၎င်း၏ Facebook စာမျက်နှာတွင် ကုန်ပစ္စည်းကြော်ငြာခြင်းအတွက် ၎င်း၏အမည်ကို အသုံးပြုခြင်းမှ ရပ်တန့်ရန် တောင်းဆိုခဲ့သည်ဟု သတင်းများက ဆိုသည်။

Dr Ong ကလည်း ပြီးခဲ့သည့် ဧပြီလတွင် အဆိုပါ ကြော်ငြာများသည် Facebook ပေါ်ရှိ အယောင်ဆောင်သည့် စာမျက်နှာများထံမှ လာကြောင်း ဗီဒီယိုများနှင့်အတူ  ရှင်းပြခဲ့သည်။

“လူတွေက အဲဒီစာမျက်နှာတွေကို အတုမှန်း မသိခဲ့ကြတာ တကယ့်ကို မယုံနိုင်စရာပါပဲ” ဟု ဗီဒီယိုတစ်ခုတွင် ၎င်းက ပြောကြားခဲ့သည်။

“အခု ကျွန်ုပ်ဆီမှာ ဖြစ်ပျက်နေတာတွေက အရမ်းများလွန်းတယ်… မယုံနိုင်ဘူး”

Facebook ကဲ့သို့သော လူမှုကွန်ရက်အချို့၏ မိခင်ကုမ္ပဏီ ဖြစ်သည့် Meta သည်  ၎င်းအနေနှင့် “လိမ်လည်မှုများ ၏ ခြိမ်းခြောက်မှု” ကို အလေးအနက်ထားရှုမြင်သည်ဟု ဆိုသည်။ လက်ရှိတွင် အဆိုပါ ကုမ္ပဏီသည် ၎င်း၏ လူမှုကွန်ရက်များပေါ်တွင် တရားဥပဒေအရ ပိုမိုပြင်းထန်သော စည်းမျဉ်း စည်းကမ်းများကို ချမှတ် ၊ စုံစမ်းစစ်ဆေးရန် သုံးစွဲသူများနှင့် စားသုံးသူဆိုင်ရာ တက်ကြွလှုပ်ရှားသူများထံမှ တောင်းဆိုမှုများနှင့် ရင်ဆိုင်နေရသည်။

“အွန်လိုင်းပလက်ဖောင်းတွေအနေနဲ့ အလိမ်အညာ လုပ်ငန်းတွေကို ရှာဖွေဖော်ထုတ်ဖယ်ရှားဖို့ အားကောင်းတဲ့ အကြောင်းအရာ စစ်ဆေးစိစစ်ရေး စနစ်တွေမှာ  ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေပြီး အွန်လိုင်းပေါ်က ဘေးအန္တရာယ်တွေအကြောင်း ကို သုံးစွဲသူထံ ပညာပေးရာမှာ အရေးပါသောအခန်းကဏ္ဍကနေ ပါဝင်ဖို့ လိုအပ်ပါတယ်” ဟု Schouker က ပြောကြားခဲ့သည်။

“ဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ အွန်လိုင်းပလက်ဖောင်းတွေ ၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့များနှင့် ဥပဒေစိုးမိုးရေးအေဂျင်စီတွေဆီက စုပေါင်းအားထုတ်မှု လိုအပ်ပါတယ်။”

ဘာသာပြန် – ဒါလီ

‘Significant threat’: Around the world, doctors battle impersonators by AFP (Published on the Straits Times) ဆောင်းပါး ကို ဘာသာပြန်ဆိုရေးသားသည်။