မောင်းမကန်နယ်မြေရဲစခန်း ပစ်ခတ်တိုက်ခိုက်ခံရ

0
2000

လောင်းလုံးမြို့နယ်ရှိ မောင်းမကန်နယ်မြေရဲစခန်း ယနေ့ ဇူလိုင်လ ၁၃ ရက် နံနက် ၃ နာရီခွဲကျော်တွင် ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

မောင်းမကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လာရောက်ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

နံနက် ၃ နာရီခွဲကျော်မှ ၄ နာရီခွဲခါနီးအထိ လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများ ကြားခဲ့ရကြောင်း ၎င်းတို့က ပြောဆိုသည်။

မောင်းမကန်နယ်မြေရဲစခန်းဘက်က ပစ်ခတ်သံများကြားရပြီးနောက် မောင်းမကန်ကမ်းခြေ ပင်လယ်ပြင်သို့ စစ်သင်္ဘောတစ်စီး ရောက်ရှိလာကြောင်း ကမ်းခြေရှိ စားသောက်ဆိုင်တစ်ခုမှ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“ပစ်သံတွေ ကြားပြီးတာနဲ့ စစ်သ‌င်္ဘောရောက်လာတာပဲ။ ကျွန်တော်ထင်တာ ရဲစခန်းကိုလာပစ်လို့ပဲ ရောက်လာတာလားပေါ့လေ” ဟု ၎င်းက ဆိုသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုနှင့် ပတ်သက်ပြီး အသေးစိတ်အခြေအနေကို စုံစမ်းနေဆဲဖြစ်သည်။

မောင်းမကန်နယ်မြေရဲစခန်းသည် မောင်းမကန်မှ ပန်းတင်အင်းရွာသွားသည့်လမ်းပေါ်တွင် တည်ရှိပြီး ထားဝယ်မြို့နှင့် ၁၄ မိုင်ခန့်အကွာတွင် တည်ရှိသည်။

ပြီးခဲ့သည် ဇွန်လ ၂၃ ရက်ကလည်း မောင်းမကန်ရဲစခန်း ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခံခဲ့ရသည်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၄ ရက်ကလည်း မောင်းမကန်နယ်မြေရဲစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့သေးသည်။