ယူကရိန်း၏ ရုရှားကျူးကျော်စစ်‌ ခုခံရေးလုပ်ငန်းစဉ်ကို အချိန်အကန့်အသတ်မရှိ ပံ့ပိုးသွားရန် နေတိုးသဘောတူ 

0
1887

မြောက်အတ္တလန်တိတ် စာချုပ် အဖွဲ့ (နေတိုး – NATO) ဝင် နိုင်ငံများက မည်မျှပင် အချိန်ယူရပါစေ ၊ ယူကရိန်း၏ ရုရှား ခုခံရေး ခရီးစဉ်တစ်လျှောက် ပံ့ပိုးကူညီမည်ဟု ကတိပြုထားကြောင်း ဇူလိုင် ၁၂ ရက်နေ့ က ပြုလုပ်သည့် ထိပ်သီးအစည်းအဝေးတွင် အထွေထွေအတွင်းရေးမှူး ယန်စ် စတိုလ်တန်ဘာ့ဂ် က ကြေညာခဲ့သည်။

လစ်သူယေးနီးယား နိုင်ငံ ၊ မြို့တော် ဗေးလ်နီးယပ်စ် မှာ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါ ထိပ်သီးအစည်းအဝေးအတွင်း နေတိုး အဖွဲ့၏ ခေါင်းဆောင်များနှင့် ယူကရိန်းသမ္မတ ဘိုလိုဒီမာ ဇယ်လန်စကီ တို့ တွေ့ဆုံခဲ့ကြသည်။

အပိုင်းသုံးပိုင်းပါဝင်သော ၊ ယူကရိန်းကို နေတိုးနှင့် ပိုမိုနီးကပ်စေမည့် အစီအစဉ် အရ “နေတိုး-ယူကရိန်းကောင်စီအသစ်ကို ဖွဲ့စည်းမည်ဖြစ်ပြီး ယူကရိန်းကို ၎င်းတို့၏ အဖွဲ့ဝင် ဖြစ်လာရေး အစီအစဉ်များ အတွက် ဟန့်တားနေသည့် လိုအပ်ချက်များကို ဖယ်ရှားသွားမည်ဖြစ်ကြောင်း” ဟု စတိုလ်တန်ဘာ့ဂ် က ပြောကြားခဲ့သည်။

သမ္မတ ဇယ်လန်စကီ ကလည်း နိုင်ငံအတွက်  တာဝေးပစ်ဒုံးကျည်များ လိုအပ်ကြောင်းနှင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် နှင့် တွေ့ဆုံရာမှာလည်း ယင်းကိစ္စကို ထုတ်ဖော်ပြောကြားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် အမေရိကန် အနေနှင့် ယူကရိန်းထံသို့ ဗုံးများပေးပို့ခြင်းအတွက် ကျေးဇူးတင်ရှိကြောင်း ၊ အဆိုပါလက်နက်များသည် ရုရှားနိုင်ငံကို ကာကွယ်ရန် ယူကရိန်းအတွက် အရေးကြီးကြောင်း ၎င်းက အလေးထားပြောကြားခဲ့သည်။

တစ်ဖက်မှာမူ ရုရှားသမ္မတ ဗလာဒီမာပူတင်သည်လည်း ဝက်ဂနာ ကြေးစားတပ်ဖွဲ့ ၏ ခေါင်းဆောင် ယပ်ဗ်ဂန်နီ ပရီဂိုဇိန် နှင့် တွေ့ဆုံမှု ရှိခဲ့ကြောင်း ရုရှားအစိုးရ က ထုတ်ပြန်ခဲ့သည်။ အဆိုပါ တွေ့ဆုံမှုတွင်း ပူတင် သည် ဝက်ဂနာ အဖွဲ့၏ ယူကရိန်းစစ်ပွဲအတွက် ကြိုးပမ်းမှုနှင့် မကြာသေးမီ က ဖြစ်ပွားခဲ့သည့် ခဏတာ ပုန်ကန်မှုတို့အပေါ် အကဲဖြတ်ခဲ့ကြောင်း သိရသည်။

ပူတင် ၏  နှစ်ရှည်လများ လက်ကိုင်တုတ် ဖြစ်ခဲ့သည့် ဝက်ဂနာ အဖွဲ့သည် ဇွန်လ ၂၃ ရက်နေ့တွင် ရုရှားနိုင်ငံသို့ ချီတက်ကာ ပုန်ကန်မှု စတင်ခဲ့သော်လည်း ၂၄ နာရီသာ ကြာမြင့်ခဲ့သည်။

အဆိုပါ ပုန်ကန်မှု အတွင်း ဝက်ဂနာ တပ်ဖွဲ့များသည် ရုရှားနိုင်ငံ၏ နယ်စပ် မြို့တစ်မြို့ကို သိမ်းပိုက်ကာ မြို့တော် မော်စကိုသို့ ချီတက်ခဲ့ကြသည်။ သို့သော် ရုရှားအစိုးရထံမှ သဘောတူညီချက်အရ ပရီဂိုဇိန် အပေါ် စွဲချက်တင်ခြင်း ကို ရုပ်သိမ်းပေးခဲ့သည့် အပြင် တပ်ဖွဲ့ကို ဘယ်လာရုဇ် သို့ ပြောင်းရွှေ့ရန်လည်း ကမ်းလှမ်းခဲ့သဖြင့် ယင်းပုန်ကန်မှု မှာ အဆုံးသတ်သွားခဲ့သည်။

Reference

●       The Independent

●       Al Jazeera

●       BBC