လောင်းလုံးတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်သဖြင့် ခမောင်းတောင်ရွာသူတစ်ဦးဒဏ်ရာရ

0
1973

လောင်းလုံးမြို့နယ် နခံတောကျေးရွာဘက်မှ စစ်ကောင်စီတပ်သည် ယနေ့ ဇူလိုင်လ ၁၂ရက် နံနက် ၉နာရီခန့်မှ စတင်ကာ လက်နက်ကြီးဖြင့်ပစ်ခတ်နေပြီး ခမောင်းတောင်ရွာသူတစ်ဦး လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ယနေ့ နံနက်ပိုင်းတွင် ထားဝယ် ကမြောကင်းတံတားဘက်မှ နခံတောကျေးရွာဘက်သို့ စစ်ကောင်စီတပ်ကား ၄ စီးခန့် ဖြင့် ဝင်ရောက်လာပြီး ယင်းကျေးရွာတောင်ထိပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။

ယင်းသို့ပစ်ခတ်သည့် လက်နက်ကြီးကျည်မှာ နခံတောနှင့် တစ်ဆက်တစ်စပ်တည်း တည်ရှိသည့် ခမောင်းတောင်ရွာတွင် ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရထားကြောင်း ဒေသခံတို့က ပြောဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် နခံတောကျေးရွာ၊ ခမောင်းတောင်ကျေးရွာ လမ်းပိုင်းတစ်လျှောက်တွင် နေရာယူထားပြီး နခံတောတောင်ထိပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

နံနက် ၁၀ နာရီခန့်တွင် မိနစ်အနည်းငယ်ကြာ နှစ်ဖက်ပစ်ခတ်မှုပုံစံမျိုးကြားရကြောင်း ဒေသခံအချို့က ဆိုသည်။

“နှစ်ဖက်ပစ်ခတ်မှုဖြစ်တာလို့တော့ ကြားတယ်။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်က ခဏပဲပစ်ပြီး ပြန်ဆုတ်သွားပြီလို့ သိရတယ်” ဟု ယင်းကျေးရွာအနီးတဝိုက်က ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

နှစ်ဖက်ပစ်ခတ်မှု ဖြစ်ပွားခြင်းရှိမရှိ သီခြားအတည်မပြုနိုင်သေးပေ။

နံနက် ၁၀ နာရီနောက်ပိုင်းတွင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်ကို မွန်းလွဲ ၂ နာရီခန့်အထိ ကြားနေရပြီး ရံဖန်ရံခါ လက်နက်ငယ်ပစ်ခတ်သံများကိုလည်း ကြားရကြောင်း ဒေသခံတို့က ဆိုသည်။

ဇူလိုင်လ ၁၁ ရက် နံနက်ကလည်း ရေဖြူမြို့နယ် နဘုလယ်ဒေသ ရေနက်ဆိပ်ကမ်းကိုဝင်သည့် ရှမ်းလမ်းပေါ်က ကမ်းတံတားအနီးမှာ စစ်ကောင်စီတပ်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ခဲ့သည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုနှင့်ပက်သက်ပြီး နခံတောရွာဘက်ကို စစ်ကြောင်းထိုးလာကာ လက်နက်ကြီးနှင့် ပစ်နေခြင်းဖြစ်နိုင်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ဖွဲ့ဝင်တစ်ဦးက ပြောဆိုသည်။