ဆူးကိုနင်း၍ ကမ်းသောလက်များ

0
1850

တော တောင်တွေထဲ ပင်ပန်းဆင်းရဲမှုဒဏ်တွေ၊ စိတ်ဓာတ်ကျစရာတွေ အကြိမ်ကြိမ်ကြုံရပေမယ့် ကိုယ်လွတ်ရုန်း မထွက်သွားရက်သူတွေ ရှိနေပါတယ်။

သူ့တို့ ဘဝနဲ့နှိုင်းစာရင်၊ သူတို့ကြုံနေရတဲ့ အခက်အခဲတွေနဲ့နှိုင်းစာရင် စစ်ဘေးရှာင်ပြည်သူတွေရဲ့ ဒုက္ခတွေက ပိုပြီးကြီးမားကြောင့် ခံယူထားလို့ပါပဲ။

နေအိမ်မီးရှို့ခံရလို့ အိုးအိမ်မဲ့သွားတဲ့သူတွေ၊ သတ်ဖြတ်ခံရလို့ မိသားစု မစုံတော့တဲ့သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို နည်းပါးသက်သာဖို့အတွက် သူ့ခွန်အားနဲ့ နိုင်သလောက်သယ်ကူညီဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောလာသူက ကိုယောနသံဖြစ်ပါတယ်။

“ကျွန်တော်တို့ စစ်ဘေးရှောင်ကူညီရေးအဖွဲ့ရဲ့ ရည်မှန်းချက်ကလည်း စစ်ဘေးရှောင်တွေရဲ့ ဆင်းရဲဒုက္ခတွေ နည်းပါး သက်သာရေးဆိုတာရှိတယ်။ အဲဒါကြောင့်လည်း သူတို့ရဲ့ ဆင်းရဲဒုက္ခတွေ နည်းပါးရေးအတွက် ကူညီပေးနေတာ ဖြစ်တယ်” လို့ သူက ပြောပါတယ်။

ကိုယောနသံလိုပဲ တနင်္သာရီတိုင်းထဲက စစ်ဘေးရှောင်ပြည်သူတွေကို အနေအစားဆင်းရဲ ခက်ခဲပင်ပန်းမှုများစွာ ကြားထဲကနေ ကူညီနေသူတွေ ရှိနေပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ ရည်ရွယ်ချက်နဲ့ ထားဝယ်မြို့ရဲ့ အရှေ့ဖက် ဒေါနတောင်တန်းတွေဖက်ကို ကိုယောနသံအပါအဝင် လူငယ်နှစ်ဆယ်လောက် ခြေဦးလှည့်ခဲ့ကြပါတယ်။

၂၀၂၁ မတ်လထဲ အင်အားထောင်သောင်းချီရှိတဲ့ သပိတ်စစ်ကြောင်း ထားဝယ်မြို့ပေါ်မှာ အကြမ်းဖက် ဖြိုခွဲခံရပြီးနောက်ပိုင်း တောထဲရောက်လာခဲ့တာပါ။

အဲဒီအချိန် တချို့လူငယ်တွေက စစ်ကောင်စီကို လက်နက်ကိုင်တော်လှန်ဖို့ စိုင်းပြင်းနေကြပြီ။

လူငယ်တချို့က‌တော့ မြို့ပြကိုစွန့်။ ကျေးလက်ကို အခြေပြု သပိတ်လှုပ်ရှားနေကြပါတယ်။

ကိုယောနသံတို့ကတော့ တိုက်ပွဲတွေနဲ့အတူ ပေါ်လာမယ့် စစ်ဘေးရှောင်ပြည်သူတွေကို ကူညီဖို့ စိတ်ပိုင်းဖြတ်ပြီး KNU တပ်မဟာ (၄) ထိန်းချုပ်နယ်မြေထဲ ထွက်လာခဲ့ကြပါတယ်။

“ကျွန်တော်က ကာယပိုင်းမှာလည်း သိပ်ပြီးတော့ ကြံ့ခိုင်တာမဟုတ်ဘူး။ အဲဒီတော့ တော်လှန်ရေးအတွက် ငါဘာလုပ်နိုင်မလဲလို့ စဉ်းစားတဲ့အချိန် စစ်ဘေးရှောင်တွေကို ကူညီရမယ်ဆိုတာ စဉ်းစားမိသွားတယ်” လို့ ကိုယောနသံက ပြောပါတယ်။

စစ်ဘေးရှောင်ကူညီရေးဆိုတဲ့ ဘွဲ့ခံယူဖို့က ထင်သလောက် မလွယ်ကူ။ အနေဆင်းရဲ၊ အစားဆင်းရဲ။

တောတိုး၊ ချုံရှင်း၊ ကိုယ်နေမယ့်တဲ ကိုယ်တိုင်ဆောက်ခဲ့ရတာတွေက ဆိုင်ကယ်စီးပြီး တက္ကသိုလ်‌ကျောင်းသွားတက်ရသလိုတော့ ပျော်စရာကောင်းမနေခဲ့ပါဘူး။

သစ်ပင် နှစ်ပင်ကြား ပုခက်ဆွဲပြီး ညအိပ်ခဲ့ရတာကလည်း ခြင်ထောင်ချ ဖက်လုံးပိုက်ပြီး အွန်လိုင်းသုံးအိပ်ရသလို ဇိမ်မကျတာတော့ သေချာပါတယ်။

အစားအသောက်ကလည်း အဆင်မပြေလှ။

“ရောက်စကဆိုရင် ထမင်းနဲ့ မားမားရယ်၊ ငါးခြောက်ရယ်၊ လက်ဖက်တို့နဲ့ပဲ နေ့တိုင်းစားခဲ့ရတာ။ ကြက်ဥဆိုတာ တစ်ခါတစ်ခါ ကံကောင်းမှစားရတာ” လို့ ကိုယောနသံက ဆိုပါတယ်။

တချို့လူငယ်တွေ တော‌ထဲရောက်လာပြီးမှ ဆင်းရဲပင်ပန်းမှုဒဏ်တွေကို ‌တာရှည်တောင့်မခံနိုင်လို့ အိမ်ပြန်သွားကြတာ၊ နိုင်ငံခြားထွက်သွားကြတာ ဒုနဲဒေး။

ခက်ခဲပင်ပန်းမှုတွေ၊ စိတ်ဓာတ်ကျစရာတွေ အကြိမ်ကြိမ်ကြားကပဲ ‌ဒေါနတနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပေးရေးအဖွဲ့ကို ဖွဲ့နိုင်ခဲ့ပါတယ်။

ကိုယောနသံဟာလည်း အဲဒီအဖွဲ့ရဲ့ မြေပြင်ကွင်းဆင်းတာဝန်ခံ တစ်ယောက်ဖြစ်လာခဲ့ပါတယ်။

မြေပြင်းကွင်းဆင်း တာဝန်ဆိုတဲ့အတိုင်းပဲ ကားလမ်းမပေါက်၊ ဆိုင်ကယ်မရောက်နိုင်တဲ့ ဒေသတွေက စစ်ဘေးရှောင်တွေဆီ စားနပ်ရိက္ခာနဲ့ ဆေးဝါး၊ ကျန်းမာရေး အကူညီတွေ ကိုယ်တိုင်ထမ်းပိုး ပို့ဆောင်ပေးခဲ့ရတာပါ။

“တောထဲမှာ ခြေလျင်ခရီးကို နှစ်ညအိပ်သွားခဲ့ရတာတွေ ရှိတယ်။ ရိက္ခာတွေပြတ်လို့ ထမင်းနည်းနည်းလေးကို ဝိုင်းခွဲပြီး ဝေစားခဲ့ရတဲ့ အခြေအနေတွေလည်းကြုံခဲ့ရတယ်” လို့ ကိုယောနသံကဆိုပါတယ်။

ကိုယောနသံက အသက် ၂၀ ကျော်အရွယ် တက္ကသိုလ်ကျောင်းသားတစ်ယောက်။ အာဏာသိမ်းတော့ သပိတ်စစ်ကြောင်းတွေနဲ့အတူ ထားဝယ်မြို့ပေတစ်ရာလမ်းမထက် ခြေတိုအောင်လျှောက်ခဲ့ဖူးသူ။

တချို့လူငယ်တွေလို အိမ်ကိုလွမ်းတယ်။ ပြန်လည်းပြန်မယ်။ ဒါမှမဟုတ်လည်း နိုင်ငံခြားကို ထွက်သွားမယ်ဆိုသွားလို့ရတယ်။

တောထဲမှာနေ၊ စစ်ဘေးရှောင်တွေကို ကူညီနေရတာက သူ့ဘဝအနာဂတ်အတွက် ဘာတစ်ခုမှ တိုးတက်စရာရှိမှ မရှိဘဲ။

ဒါပေမဲ့ စစ်ဘေးရှောင်ပြည်သူတွေကို သူမထားခဲ့ရက်။

သူ့ဘဝနဲ့စာရင်၊ သူကြုံခဲ့ရတဲ့ အခက်အခဲတွေနဲ့စာရင် စစ်ရှောင်ပြည်သူတွေရဲ့ ဒုက္ခတွေက ပိုပြီးကြီးမားတယ်လို့ ကိုယောနသံက ခံယူထားသူပါ။

ကိုယောနသံတို့လို စစ်ရှောင်ကူညီတဲ့သူတွေက လိုအပ်လာရင် ဆရာဝန်လည်း လုပ်ကြရသေးတယ်။

ဆေးပညာနဲ့ နီးစပ်သူ မဟုတ်ပေမယ့် ဆေးထိုးအပ်ကိုင်ပြီး ကုသပေးခဲ့ရသူပေါင်း မနည်းတော့။

အာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ပါဝင်တဲ့ အခြေခံကျန်းမာရေးဝန်ထမ်းတွေဆီမှာ ရက်တိုဆေးသင်တန်းတက်ပြီး ကုသပေးခဲ့ကြရတာပါ။

“အတွေ့အကြုံကနည်းတော့ သင်တုန်းကတော့ အဆင်ပြေနေတာပဲ။ တကယ့်လုပ်ရပြီး လူနာက သွေးရဲရဲ သံရဲရဲနဲ့ ဖြစ်နေပြီဆို ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိတော့ဘူး” လို့ ကိုယောနသံကဆိုပါတယ်။

ဒါပေမဲ့ ရှက်တတ်တဲ့စိတ်၊ ကြောက်တတ်တဲ့စိတ်၊ ရွံ့ရှာတတ်တဲ့စိတ်တွေကိုပယ်ပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် ကျန်းမာရေးလုပ်သားကောင်း တစ်ယောက်ဖြစ်ဖို့ ကြိုးစားခဲ့တယ်လို့ဆိုပါတယ်။

စစ်ဘေးရှောင်ကူညီတဲ့သူတွေဟာ စစ်ရှောင်ပြည်သူတွေထဲက စိတ်ပါဝင်စားတဲ့သူတွေကိုလည်း သူတို့ လေ့လာသင်ယူထားတဲ့ ဆေးဝါးကုသနည်းတွေကို ဆင့်ပွားပို့ချပေးကြပါတယ်။

တနင်္သာရီတိုင်းအ‌နေနဲ့ စစ်ဘေးရှောင်တွေကို ကူညီသူတွေရဲ့ အရေအတွက်ကနည်းပါးပါတယ်။

အဲဒီနည်းပါးတဲ့သူတွေထဲမှာ Moon ဆိုတဲ့ အမျိုးသမီးငယ်တစ်ဦးလည်း ပါဝင်ပါတယ်။

Moon က‌တော့ ဂိမှာန်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကော်မတီ – တနင်္သာရီ ရဲ့ ဘဏ္ဍာရေးတာဝန်ခံတစ်ဦးဖြစ်ပါတယ်။

စစ်ဘေးရှောင်တွေကို ကူညီဖို့ တောထဲသူရောက်လာတဲ့သူတွေ တစ်ဆယ်ကျော်ထဲမှာ အမျိုးသမီးဆိုလို့ Moon တစ်ဦးပဲ ပါဝင်ပါတယ်။

သူဟာ အမျိုးသမီးတစ်ယောက်အနေနဲ့ အခြားအမျိုးသားတွေနဲ့ မတူညီတဲ့ အခက်အခဲတွေကို ရင်ဆိုင်ခဲ့ရသူပါ။

အမျိုးသားတွေကြားထဲ အမျိုးသမီးတစ်ဦးတည်းနေ နေထိုင်လို့ ဂုဏ်သိက္ခာပိုင်းအရ တိုက်ခိုက်ပြောဆိုသံတွေ၊ လစဉ် ဓမ္မတာလာချိန်တွေမှာ အတူနေအမျိုးသားတချို့ရဲ့ ဖယ်ကျဉ်ခံရတာတွေ စတဲ့ ခွဲခြားဆက်ဆံခံရတာတွေကို များစွာကြုံခဲ့ရတယ်လို့ဆိုပါတယ်။

“အဲဒီလို နှိမ့်ချခံရတဲ့အချိန်ဆို ဘေးကလူတွေကို ဒေါသပုံချမိမှာစိုးလို့ တစ်ယောက်တည်း ရှောင်ဖယ်ပြီးနေလိုက်တယ်” လို့ Moon ကဆိုပါတယ်။

အာဏာမသိမ်းခင် Moon ဆိုတဲ့ မိန်းကလေးက ဘယ်နိုင်ငံရေးနဲ့မှ ပတ်သက်ခဲ့တဲ့သူ မဟုတ်တဲ့ သာမန် တက္ကသိုလ်ကျောင်းသူတစ်ဦးဖြစ်ပါတယ်။

ဒါပေမဲ့ အာဏာသိမ်းတာကို လက်တွေ့ခံစားလိုက်ရချိန်မှာတော့ ကိုယ့်လွတ်လပ်ခွင့်အတွက် တိုက်ပွဲဝင်သူတစ်ဦး ဖြစ်လာခဲ့ပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကိုယ်တွေရဲ့ လွတ်လပ်မှုကို ချုပ်နှောင်ခံလိုက်ရသလိုခံစားလိုက်ရတဲ့အတွက် လွတ်လပ်မှုအတွက် ရတဲ့နည်းနဲ့ ဘယ်လိုကဏ္ဍတွေမှာ ပါဝင်ရမလဲဆိုတာကို အမြဲနားစွင့်နေခဲ့တာ” လို့ Moon က ဆိုပါတယ်။

ထားဝယ်မြို့ပေါ် ဆန္ဒပြပွဲတွေမှာ တောက်လျှောက်ပါဝင်ခဲ့ပြီး သပိတ်စစ်ကြောင်း အကြမ်းဖက် ဖြိုခွင်းခံရပြီးနောက်မှာလည်း မြို့ပြပြောက်ကျားသပိတ်တွေထဲ တစ်နှစ်နီးပါးလောက် ပါဝင်ခဲ့ပါသေးတယ်။

စစ်ကောင်စီဘက်က သပိတ်အင်အားစုတွေကို ဖမ်းဆီးနှိပ်ကွပ်ထောင်ချတာတွေလုပ်လာတဲ့နောက်ပိုင်း သူတို့တတွေလည်း ဖမ်းခံရသူ၊ ထောင်ကျသူတွေနဲ့ တကွဲတပြားစီ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

အဲဒီနောက်ပိုင်း ကျန်ခဲ့တဲ့လူတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်နယ်မြေဖြစ်တဲ့ လွတ်မြောက်နယ်မြေထဲ ခိုဝင်ပြီး ဂိမှာန် စစ်ဘေးရှောက်ကူညီတဲ့အဖွဲ့ကို ဖွဲ့စည်းလိုက်တာပါ။

အမျိုးသမီးဖြစ်ပေမယ့် အမျိုးသားတွေနဲ့ တန်းတူရင်ဘောင်တန်းပြီး စစ်ဘေးရှောင်ကူညီရာမှာ တစိုက်မတ်မတ် ပါဝင်ခဲ့ပါတယ်။

“ယောက်ျားလေးတွေက ဆန်တစ်အိတ်သယ်ရင် Moon က ကြက်သွန်တစ်အိတ် ဒါမှမဟုတ် ဆန် ၁၂ ပြည် တစ်အိတ်တော့ ထမ်းတယ်” လို့ ဆိုပါတယ်။

စစ်ရှောင်ပြည်သူတွေ စားသောက်ဖို့ ဟင်းချက်နေတုန်း အနီးအနားကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ပြီး စစ်ကြောင်းထိုး ဝင်လာနေတဲ့အချိန် ဒေသခံတွေ ထွက်ပြေးကြပေမယ့် ချက်ထားတဲ့ဟင်းတွေကို နှမြောလွန်းလို့ ထွက်မပြေးဘဲ ထိုင်ရာမထ ဟင်းဆက်ချက်နေတဲ့ အခိုက်အတန့်လေးဟာ သူ့အတွက် အမှတ်တရ ဖြစ်စရာ တစ်ခုဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

အနိဋ္ဌာရုံ အဖြစ်အပျက်တွေ နေ့စဉ်နဲ့အမျှ မြင်တွေ့ကြားနေရတဲ့ ကြားမှာ စစ်ဘေးရှောင်ကူညီသူအဖြစ် ဘာကြောင့် ဆက်လုပ်နေရတာလဲဆိုတာကို Moon က အခုလိုရှင်းပြပါတယ်။

“တစ်ခါတလေမှာ မိဘကိုလွမ်းလို့ ဝမ်းနည်းတာတွေရှိတယ်။ ဒါပေမဲ့ ငါလုပ်နေတာသည် ပြည်သူတွေအတွက်ဆိုတဲ့ စိတ်နဲ့ပဲ ဒီအလုပ်ကို ရှေ့ဆက်လုပ်နေတာ”

စစ်ဘေးရှောင်တွေကို ကူညီနေကြတဲ့သူတွေ နည်းပါးသလို၊ ‌ငွေကြေး၊ ရိက္ခာလှူဒါန်းသူ နည်းပါးတာကြောင့် ရိက္ခာမလုံလောက်တာ၊ ဆေးဝါးနဲ့ အမိုးအကာတွေ လုံလုံလောက်လောက် မပံ့ပိုးနိုင်တာတွေ ကြုံနေရပါတယ်။

ရိက္ခာတွေပေးပို့ရာမှာ စနစ်တကျ မစီမံနိုင်လို့ ရပြီးတဲ့သူတွေ ထပ်ထပ်ရပြီး မရသေးတဲ့သူတွေ မရကြတဲ့ အခက်အခဲတွေနဲ့လည်း ကူညီနေသူတွေမှာ ရင်ဆိုင်ခဲ့ကြရပါတယ်။

စစ်ဘေးရှောင်တွေရဲ့ စာရင်းဇယားတွေကို အတိအကျမှတ်တမ်းပြုနိုင်ဖို့၊ စစ်ဘေးရှောင်ပြည်သူတွေကို နှစ်သိမ့်ဆွေးနွေးပေးဖို့ စတဲ့ လိုအပ်ချက်ပေါင်းများစွာ ရှိနေဆဲဖြစ်တယ်လို့ ဆိုကြပါတယ်။

တစ်ဖက်မှာ စစ်ရှောင်တွေကို ဘန်းပြပြီး ကိုယ်ကျိုးရှာတဲ့ အဖွဲ့အစည်းတွေနဲ့လည်း ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။

မိဘအရိပ်ကို စွန့်ခွာ၊ အညွန့်တလူလူ လူငယ်ဘဝ၊ တက္ကသိုလ်ကျောင်းသားဘဝကိုရင်းပြီး စစ်ရှောင်ပြည်သူတွေကို ကူညီနေတဲ့ ဒေါနတနင်္သာရီက ကိုယောနသံ၊ ဂိမှာန်က Moon တို့အပြင် တနင်္သာရီတိုင်းထဲ ဆရာဝန်လောင်းတွေ၊ အင်ဂျင်နီယာပေါက်စတွေ စတဲ့ အလွှာအသီးသီးက လူငယ်တွေရှိနေပါသေးတယ်။

“အခုဖြစ်နေတဲ့ အခင်းအကျင်းမှာက လူငယ်အင်အားတွေက အများကြီးလိုတယ်။ ကိုယ်နိုင်ငံအတွက် ကိုယ့်ဒေသ အတွက် ကိုယ်ကိုယ်တိုင် မကြိုးစားဘဲနဲ့ ဘယ်သူက လာပြီးကြိုးစားပေးမှာလဲ” လို့ ကိုယောနသံက ပြောဆိုလိုက် ပါတယ်။