ထိုင်းဝန်ကြီးချုပ်လောင်း Pita က ထိုင်းနိုင်ငံသို့ လာရောက်ဖျော်ဖြေရန် တေလာဆွစ်ဖ်ကိုဖိတ်ခေါ်

0
1846

Move Forward ပါတီခေါင်းဆောင် အပြင် ထိုင်းနိုင်ငံ၏ အလားအလာရှိသော ဝန်ကြီးချုပ်လောင်း ဖြစ်သည့် Pita Limjaroenrat သည် အမေရိကန် ထိပ်သီး တေးဂီတကြယ်ပွင့် တေလာဆွစ်ဖ် ကို ဘန်ကောက်တွင် လာရောက် ဖျော်ဖြေရန် လူမှုကွန်ရက် Twitter မှတဆင့် ဇူလိုင် ၆ရက်နေ့က ရေးသားဖိတ်ကြားခဲ့သည်။

ကမ္ဘာကျော် တေးသံရှင် တေလာဆွစ်ဖ်သည် ၂၀၁၄ ခုနှစ် စစ်တပ်အာဏာသိမ်းမှုကြောင့် ထိုင်းနိုင်ငံမြို့တော် ဘန်ကောက်တွင် ပြုလုပ်ရန် ရည်ရွယ်ထားသည့် ဖျော်ဖြေပွဲကို ဖျက်သိမ်းခဲ့ရသည်။

ယင်းကို ရည်ရွယ်ရင်း Pita က ထိုင်းနိုင်ငံအနေနှင့် “ဒီမိုကရေစီ အပြည့်အဝဖော်ဆောင်ရေး လမ်းကြောင်းပေါ်သို့ ပြန်ရောက်နေပြီ” ဟု ထည့်သွင်းရေးသားကာ ဖိတ်ခေါ်ခဲ့သည်။

“ထိုင်းပြည်သူတွေက ရွေးကောက်ပွဲကနေတစ်ဆင့် ထုတ်ဖော်ပြသခဲ့ပြီးပါပြီ။ ငါတို့အားလုံးက မင်းကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုဖို့ မျှော်လင့်နေပါတယ်” ဟု Pita က ၎င်း၏ Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

ဆွစ်ဖ် သည် ၂၀၂၄ ခုနှစ် သြဂုတ်လအထိ လုပ်ဆောင်မည့် သူမ၏ The Eras Tour ဖျော်ဖြေပွဲ ခရီးစဉ် ၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် လက်ရှိတွင် ကမ္ဘာတစ်ဝှမ်းမှာ ဖျော်ဖြေလျက်ရှိသည်။

အာရှ ဒေသအတွက် မူ ဆွစ်ဖ် သည် ဂျပန် နှင့် စင်ကာပူ နှစ်နိုင်ငံတွင်သာ ဖျော်ဖြေမည်ဟု ကြေညာထားသည်။ ဆွစ်ဖ်၏ ဖျော်ဖြေပွဲကို ခြောက်ရက်ဆက်တိုက် ကျင်းပသွားမည့် စင်ကာပူနိုင်ငံသည် သူမ၏ ခရီးစဉ် တလျှောက် အရှေ့တောင်အာရှဒေသတွင်း တစ်ခုတည်းသော မှတ်တိုင် ဖြစ်သည်။ အဆိုပါ လက်မှတ်များ သည်လည်း ရောင်းသည့်နေ့မှာပင် နာရီပိုင်းအတွင်း အားလုံး ရောင်းကုန်သွားခဲ့သည်။

၂၀၁၄ ခုနှစ်တွင် ထိုင်းနိုင်ငံ၌ ဖျော်ဖြေရန် စီစဉ်ထားပြီးနောက် သူမ၏ ဖျော်ဖြေပွဲကို ထိုင်းပရိသတ်များက စိတ်အားထက်သန်စွာ စောင့်မျှော်ခဲ့ကြသည်။

ထိုနှစ်တွင် သူမသည်  ဇွန်လ ၉ ရက်နေ့တွင် ပြုလုပ်ရန် စီစဉ်ထားသည့် The Red Tour Live In Bangkok 2014 ကို ကြေညာခဲ့သည်။ အဆိုပါ ဖျော်ဖြေပွဲအတွက် လက်မှတ်များသည် ဘတ် ၂၀၀၀ နှင့် ၆၅၀၀ ကြား တန်ကြေး ရှိကာ လက်မှတ်အားလုံး  တစ်နာရီအတွင်း ရောင်းထွက်သွားခဲ့သည်။

သို့သော် ၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နေ့တွင် နိုင်ငံတွင်း အာဏာသိမ်းမှု ဖြစ်ပေါ်ခဲ့ကာ မေလနှောင်းပိုင်းတွင် အဆိုပါပွဲကို ဖျက်သိမ်းခဲ့သည့်အတွက် သူမ ၏ ပရိသတ်များ တနည်းအားဖြင့်  “Swifties” အများအပြားမှာ အသည်းကွဲခဲ့ရသည်။

တေလာဆွစ်ဖ် ကို Pita ၏ ယခုလို  မေတ္တာရပ်ခံဖိတ်ကြားမှု ကို Twitter ပေါ်တွင် ပြန်လည်မျှဝေသူ ၁သိန်း ၃သောင်းကျော် ရှိခဲ့ပြီး ထိုင်း Swifties အများအပြားက ၎င်း၏ ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့ကြသည်။

ဆွစ်ဖ် ကို ဖျော်ဖြေရန် ယခုလို ဖိတ်ကြားရာတွင် Pita သည်  တစ်ဦးတည်းသော နိုင်ငံရေးခေါင်းဆောင် မဟုတ်ပေ။

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau ကလည်း ပြီးခဲ့သည့် ဇူလိုင် ၆ရက်နေ့တွင် ဆွစ်ဖ် ၏ နာမည်ကျော် သီချင်း တစ်ပုဒ် ဖြစ်သည့် Cruel Summer မှ စာသားကို ယူကာ နိုင်ငံသို့ လာရောက်ဖျော်ဖြေရန် Twitter မှတဆင့် ဖိတ်ကြားခဲ့သေးသည်။

အရှေ့မှာလည်း ချီလီ နိုင်ငံ သမ္မတ Gabriel Boric ၊ ဩစတြေးလျ ပါလီမန် အဖွဲ့ဝင်များ ဖြစ်သည့် ကွင်းစ်လန်း ကိုယ်စားပြုအမတ်  Andrew Wallace နှင့် ပါ့သ် ကိုယ်စားပြု အမတ် Patrick Gorman တို့ကလည်း တေလာဆွစ်ဖ် ၏ ဖျော်ဖြေပွဲ ခရီးစဉ်တွင်း ၎င်းတို့၏ နိုင်ငံနှင့် မြို့ကြီးများကို ထည့်သွင်းကာ လာရောက်ဖျော်ဖြေပေးပါရန် ဖိတ်ကြားမှုများလည်း ရှိခဲ့သည်။

Reference

●       The Straits Times