သရက်ချောင်း ပိန်းတောကျေးရွာက အမျိုးသားတစ်ဦး ပစ်သတ်ခံရ

0
1934

‌သရက်ချောင်းမြို့နယ်၊ ပိန်းတောကျေးရွာက ဦးဇော်နိုင်ဆိုသူ ဇူလိုင်လ ၅ ရက် နံနက် ၈ နာရီခန့်က ထားဝယ်-မြိတ်ကားလမ်းဘေးရှိ ညောင်ဇင်ကျေးရွာ စာသင်ကျောင်းအနီးတွင် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။

အသက် ၄၀ ခန့်ရှိ ဦးဇော်နိုင် ညောင်ဇင်ကျေးရွာ စာသင်ကျောင်းအနီး လမ်းဘေးတွင် ဆိုင်ကယ်လဲကျကာ သေဆုံး နေသည်ကို လမ်းသွားလမ်းလာများနှင့် ဒေသခံများက တွေ့ရှိခြင်းဖြစ်ကြောင်း ညောင်ဇင်ရွာက ၎င်းတို့က ဆိုသည်။

“ဆိုင်ကယ်နဲ့အတူ လဲပြီး သေနေတယ်” ဟု ညောင်ဇင်ရွာက လူငယ်အမျိုးသားတစ်ဦးက ပြောသည်။

ဦးနိုင်ဇော်၏ ရုပ်အလောင်းကို ပိန်းတောအရေးပေါ်လူနာတင်ကားဖြင့် ဇူလိုင် ၅ရက် နံနက် ၁၁ နာရီခန့်တွင် လာရောက် သယ်ဆောင်သွားကြောင်း ညောင်ဇင်ကျေးရွာ ဒေသခံအချို့က ပြောဆိုသည်။

ဦးဇော်နိုင်မှာ ပိန်းတောရွာသူနှင့် အိမ်ထောင်ကျ ယင်းကျေးရွာမှာပင် အခြေချနေထိုင်နေသူဖြစ်ကြောင်း ပိန်းတောကျေးရွာက ဒေသခံအမျိုးသားတစ်ဦးက ဆိုသည်။

“သူက မိသားစုကိစ္စနဲ့ ထောင်ကျပြီးပြန်ထွက်လာတာ တစ်လလောက်ပဲရှိသေးတယ်။ ရွာထဲမှာနာမည်ထွက်တာတော့ မရှိဘူး။ ရဲတွေနဲ့ ပတ်သက်နေတာတော့ ရှိတယ်” ဟု ၎င်းက ပြောဆိုသည်။

နားရွက်‌နောက်လည်ပင်းတွင် ကျည်ဖောက်ဝင်ဒဏ်ရာ တွေ့ရှိကြောင်း ၎င်းက ဆိုသည်။

ဦးဇော်နိုင်ကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။

ဇူလိုင်လ ၃ ရက် ညနေ ၄ နာရီဝန်းကျင်တွင် အသက် ၅၀ ကျော်အရွယ် စစ်ကောင်စီခန့် ကဇိကျေးရွာအုပ်ချုပ်ရေးမှူး ဦးညိုစိုးဆိုသူ နေအိမ်တွင် ပစ်သတ်ခံခဲ့ရသေးသည်။