မြိတ် တုန်းဗျောရွာရှိ စစ်ကောင်စီတပ်ယာယီစခန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

0
2379

မြိတ်မြို့နယ်၊ တုန်းဗျောကြီးရွာရှိ စစ်ကောင်စီတပ်ယာယီစခန်း တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။

တုန်းဗျောကြီးရွာ စာသင်ကျောင်းအနီး တပ်စွဲထားသည့် စစ်ကောင်စီတပ် ယနေ့ ဇူလိုင်လ ၄ရက် နေ့လယ် ၁၂ နာရီခွဲဝန်းကျင်တွင် တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားအချို့သေဆုံးကာ ဒဏ်ရာရသူအချို့လည်း ရှိသည်ဟု ကြားသိရကြောင်း ၎င်းတို့က ဆိုသည်။

“လက်နက်ငယ်တွေနဲ့ လာပစ်တယ်။ ဒရုန်းနဲ့လည်း ဗုံးချတိုက်ခိုက်တယ်။ ထိခိုက်သေဆုံးတာတွေ ရှိတယ်။ အရေးပေါ်ကား နှစ်စီးလာတယ်။ ဘယ်နှစ်ဦးလဲဆိုတာ အတိအကျ မသိရသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

လမ်းမကြီးနံဘေးတွင် လဲကျသေဆုံးနေသည့် စစ်ကောင်စီတပ်သားနှစ်ဦးကို မြင်တွေ့ရသည်ဟု ရွာသားရွာသား အချို့က ပြောဆိုနေကြပြီး Dawei Watch အနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ပစ်ခတ်တိုက်ခိုက်မှု မိနစ် ၃၀ ခန့်ကြာပြီးနောက် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများဖြင့် အချက်ရေ ၁၀ ကျော် ပြန်လည်ပစ်ခတ်ခဲ့သေးကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် တိုက်ခိုက်ခံရသည့် ယာယီစခန်းအနီး လမ်းဘေးတစ်ဖက်တစ်ချက်က နေအိမ်များ ပိတ်ကာ တိမ်းရှောင်နေကြရပြီဖြစ်ကြောင်း ဒေသခံ အမျိုးသားနောက်တစ်ဦးက ပြောသည်။

အဆိုပါတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးမဟာမိတ် ပူးပေါင်းတပ်များက ပြုလုပ်ခဲ့ပြီး ဖြစ်စဉ်ကို ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း တိုက်ပွဲတွင် ပါဝင်ခဲ့သည့် ဘက်မလိုက်ပြောက်ကျားအဖွဲ့မှ ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။