မြိတ်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံး

0
1872

မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု ရွှေပြည်တန်ရပ်ကွက်တွင် ဇူလိုင်လ ၃ ရက် ညခုနှစ်နာရီခွဲအချိန်က အမျိုးသားတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့ရကြောင်း ယင်းရပ်ကွက်နေသူတို့ထံမှသိရသည်။

အဆိုပါ ရပ်ကွက်တွင် WiFi ကြိုးပြုတ်ကျနေသဖြင့် ကုမ္ပဏီအား ဖုန်းဆက်အကြောင်းကြားရာ WiFi ကုမ္ပဏီမှ အသက် ၂၆ အရွယ်ရှိ အမျိုးသားတစ်ဦးရောက်ရှိလာပြီး ပြင်ဆင်ပေးရာမှ ဓာတ်လိုက်ခံခဲ့ရခြင်းဖြစ်ကြောင်း ရွှေပြည်တန်ရပ်ကွက်နေသူအချို့က ပြောပြသည်။

WiFi ကြိုးကို ဓာတ်ကြိုးပေါ်သို့ ပစ်တင်ရာမှ ဓာတ်ကြိုးနှင့်လက်ထိကာ ဓာတ်လိုက်ခဲ့ခြင်းဖြစ်ပြီး လှေကားပေါ်မှာ ပြုတ်ကျသွားကြောင်း ရွှေပြည်တန်ရပ်ကွက်နေ မျက်မြင်တွေ့ရှိသူ တစ်‌ဦးက ပြောသည်။

“ပထမတော့ လှေကားပေါ်ကနေ ပြုတ်ကျသွားတာ၊ မြေပေါ်ကနေပြန်ထပြီး ပြန်လဲကျသွားတာ သုံးခါပြန်ထ သုံးခါပြန်လဲသွားတာ” ဟု ‌မျက်မြင်တွေ့ရှိသူက ပြောသည်။

ယင်းကဲ့သို့ ဓာတ်လိုက်ပြီးနောက် အနီးအနားနေသူတို့မှ မီးရုံးအား ဖုန်းဆက်အကြောင်းကြားခဲ့ရာ မီးခေတ္တ ဖြတ်တောက်ခဲ့ရကြောင်း ရပ်ကွက်နေသူတို့ထံမှ သိရသည်။

ဓာတ်လိုက်ခံရသည့် အမျိုးသား၏ မျက်လုံးတွင် မျက်ကွင်းညိုမည်းနေပြီး ဆေးရုံသို့တင်ပို့ရာမှ လမ်းတွင်သေဆုံးသွားကြောင်း နာရေးကူညီမှုအသင်းဝင်တစ်ဦးက ပြောပြသည်။

ယင်းဓာတ်လိုက်ခံရသည့်အချိန်တွင် မိုးရွာသွန်းနေသဖြင့် ဓာတ်လိုက်ခံရသည့်အမျိုးသား၏ ခန္ဓာကိုယ်တွင် မိုးစိုနေကြောင်း ရပ်ကွက်နေသူတို့က ဆိုသည်။

ဓာတ်ပုံ၊ မြိတ်ရပ်ကွက်တစ်ခုရှိ လျှပ်စစ်မီးကြိုးများကို မြင်တွေ့ရစဉ်။