ထိုင်းတွင် မြန်မာလုပ်သားများပါသောကား အစစ်မခံဘဲထွက်ပြေး၊ ကားတိုက်မှုဖြစ်ကာမီးလောင်ပြီး ၁၃ဦးဖမ်းဆီးခံရ

0
1830

ထိုင်းနိုင်ငံတောင်ပိုင်း ချွန်ဖော်ခရိုင်တွင် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမားများ လိုက်ပါ စီးနင်းလာသည့် ပစ်ကပ်ကားတစ်စီးသည် အစစ်ဆေးမခံဘဲ ထွက်ပြေးရာ ကားတိုက်မှုဖြစ်ပွားပြီး မီးလောင် သွားခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ယင်းနောက် ကားပေါ် လိုက်ပါလာသော မြန်မာနိုင်ငံသား ကားသမားနှင့် မြန်မာအလုပ်သမား ၁၂ ဦးတို့ကို ဖမ်းဆီးရမိကြောင်း ရေးသားထားသည်။

ဇူလိုင်လ ၃ ရက်နေ့တွင် ချွန်ဖော်မြို့အနီးရှိ စစ်ဆေးရေးဂိတ်က ပစ်ကပ်ကားကို ရပ်တန့်စစ်ဆေးခဲ့သော်လည်း အစစ်ဆေးမခံဘဲ အရှိန်မြှင့်ကာ မောင်းနှင်ထွက်ပြေးသွားကြောင်း ဆိုသည်။

အဆိုပါပစ်ကပ်ကားသည် ရွာသားတစ်ဦး၏ ကားအနောက်ပိုင်းကို ဝင်တိုက်ခဲ့ပြီးနောက် ရပ်တန့်သွားခဲ့ပြီး ကားအရှေ့ပိုင်းတွင် မီးလောင်ကျွမ်းလာခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ကားတိုက်မှုဖြစ်ပွားသောနေရာသို့ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာခဲ့ပြီး ယာဉ်မောင်းကို စစ်ဆေးခဲ့ရာ အသက် ၂၄ နှစ်အရွယ် ကိုနိုင်အမည်ရှိသော မြန်မာနိုင်ငံသားဖြစ်နေကြောင်း‌ ဆိုသည်။

ကားပေါ်တွင် မြန်မာအလုပ်သမား အမျိုးသား ကိုးဦး၊ အမျိုးသမီး သုံးဦးတို့ကို တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် တနင်္သာရီနယ်စပ်ဂိတ်ဖြစ်သော မောတောင်-ဆင်ခွန်းနယ်စပ်မှတစ်ဆင့် တောလမ်းအတိုင်း ဝင်ရောက်လာခဲ့ကြကြောင်း ဖော်ပြထားသည်။

၎င်းတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်သို့ ပို့ဆောင်ပေးရန် မောင်းနှင်လာခဲ့ခြင်းဖြစ်ပြီး ပို့ဆောင်ပေးမှုအတွက် ဘတ် ၁၀၀၀၀ ရရှိခဲ့ကြောင်း ကားသမား၏ ဖြေကြားချက်ကို ရေးသားထားသည်။

ဖမ်းဆီးခံရသော မြန်မာပွဲစားနှင့် အလုပ်သမားများကို ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန်အတွက် ဘန့်ဝိစိုင်နူ့ရဲစခန်းသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြသည်။

မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဇွန်လအတွင်း ဖမ်းဆီးခံရသူ ၁၅၀ ဦးရှိခဲ့ပြီး ကားမှောက်မှု၊ ကားမီးလောင်မှုကြောင့် သေဆုံးသူ ၅ ဦးအထိ ရှိကြောင်း Dawei Watch က စုစည်းထားသည့် သတင်းအချက်အလက်များအရ သိရသည်။

Ref: Khaosod Online, Nation TV