လယ်သမားလက်ထဲ စပါးပြတ်ချိန် စပါးဈေးစတက်

0
1778

မိုးရာသီလယ်လုပ်ချိန် ‌ရောက်လာပြီဖြစ်၍ လယ်သမားအများစုလက်ထဲတွင် စပါးပြတ်လပ်နေပြီဖြစ်ရာ စပါးဈေးလည်းပြန်တက်လာနေကြောင်း ထားဝယ်ခရိုင်ရှိ လယ်သမားအချို့နှင့် စပါးအဝယ်အဒိုင်အချို့ကပြောသည်။

ဖေဖော်ဝါရီလအတွင်းက စပါးတစ်တင်းလျှင် အနိမ့်ဆုံး ၁၈၀၀၀ ကျပ်ရရှိပြီး အမြင့်ဆုံး ၂၃၀၀၀ ကျပ်အထိ စံချိန်တင်မြင့်တက်သွားခဲ့သည်။

ယင်းနောက် မတ်လထဲတွင် စပါးဈေးပြန်ကျသွားခဲ့ပြီး တစ်တင်းလျှင် ၂၀၀၀၀ ကျပ်အောက်သို့ ရောက်သွားခဲ့သည်။

ယခုမိုးရာသီလယ်လုပ်ချိန် ဇွန်လကုန်းပိုင်းမှစပြီး စပါးဈေးပြန်မြင့်တက်လာခဲ့သည်။

လက်ရှိတွင် ဆန်ကြမ်းအမျိုးအစား စပါးတစ်တင်းလျှင် ၁၉၀၀၀ ကျပ်ဝန်းကျင်၊ ကမာကြည်အမျိူးအစားဆိုပါက တစ်တင်း ၂၂၀၀၀ ကျပ်ဝန်းကျင်၊ ပေါ်ဆန်းအမျိုးအစားဆိုပါက ၂၆၀၀၀ ကျပ်ဝန်းကျင်ဖြင့် ဝယ်ယူနေကြောင်း ထားဝယ်ခရိုင်ရှိ စပါးအဝယ်တော်အချို့ကဆိုသည်။

‌“စပါးဈေးပြန်တက်လာတာဆို နှစ်ပတ်လောက်ဖြစ်နေပြီ။ ဟိုဘက်( တနင်္သာရီတိုင်းပြင်ပ) ကဝယ်လိုက်လာတဲ့အချိန် ဒီဘက်မှာစပါးကမရှိတော့ ဈေးတက်လာတာ” ဟု လောင်းလုံးမြို့နယ်ရှိ ဆန်းစပါးကြိတ်ခွဲရောင်းချသူတစ်ဦးကဆိုသည်။

စပါးဈေးပြန်တက်လာချိန်တွင် ဒေသတွင်းရှိလယ်သမားအများစုလက်ထဲတွင် ရောင်းချစရာ စပါးမရှိတော့ကြောင်း၊ လယ်လုပ်ရန်အတွက် လိုအပ်သည့် ဓာတ်မြေသြဇာအပါအဝင် သွင်းအားစုများအတွက် ငွေကြေးလိုအပ်သဖြင့် စပါးရောင်းထုတ်လိုက်ကြပြီဖြစ်ကြောင်း လယ်သမားအချို့ကဆိုသည်။

“အခုတက်လာတဲ့အချိန် လက်ထဲစပါးကမရှိတော့ဘူး။ အခုချိန်လက်ထဲစပါးရှိနေသေးတဲ့သူက သူဌေးတွေပဲကျန်တော့တာ။ သူတို့က ငွေအရင်းခံရှိတာကိုး” ဟု ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှ လယ်သမားတစ်ဦးကဆိုသည်။

စပါးဈေးတက်လာသော်လည်း တစ်ဖက်တွင် အထိန်းအကွပ်မဲ့ တင်းတောင်းအရွယ်အစားကြီးများဖြင့် စပါးဝယ်ယူခြင်းကိုခံနေရကြောင်း လယ်သမားအချို့က ရင်ဖွင့်ကြသည်။

ဆန်ကြိတ်ခွဲရောင်းချသူတို့ဘက်တွင်လည်း လမ်းခရီးတစ်လျှောက် စစ်ကောင်စီစစ်ဆေးရေးဂိတ်များက တောင်းသည့်ငွေပေးနေရသဖြင့် အခက်အခဲရှိကြောင်းပြောဆိုကြသည်။

စပါးဈေးနှင့်အတူ ဆန်းဈေးလည်းဆက်တိုက်မြင့်တက်လျက်ရှိသဖြင့် စစ်ဘေးရှောင်များကို ရိက္ခာဝယ်ယူရေး ငွေကြေးအခက်အခဲပိုဖြစ်လာကြောင်း စစ်ဘေးရှောင်များကိုကူညီပေးနေသူတို့ကဆိုသည်။

“စစ်ဘေးရှောင်တွေအတွက် ဆန်နဲ့ဆီက အဓိကပဲ။ အဲဒီနှစ်ခုရှိရင်ကို သူတို့အတွက်အဆင်ပြေနေပြီ။ အခုက ဆန်ကဈေးကြီး၊ လမ်းခရီးကလည်း ပိတ်ခံရတော့ ပိုပိုဆိုးလာတယ်” ဟု ဒေါနတနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ မြေပြင်တာဝန်ခံ ကိုယောနသံက ပြောသည်။

အာဏာသိမ်းပြီးနောက်ပိုင်း ကုန်းဈေးနူန်းအဆမတန် ကြီးမြင့်တက်လာသော်လည်း အလုပ်ကိုင်ရှားပါးပြီး ဝင်ငွေနည်းပါးနေကြသဖြင့် ဒေသခံပြည်သူများ စားဝတ်နေရေး အဖက်ဖက်က အကျပ်‌အတည်းအခက်အခဲဖြင့် ရင်ဆိုင်နေကြရသည်။