မြိတ်တွင် အုတ်တင်ယာဉ်နှင့် ခရီးသည်ယာဉ်တိုက်မိ ခရီးသည် ၈ ဦးဒဏ်ရာရ

0
1904

မြိတ်-တနင်္သာရီပြည်ထောင်စုလမ်းမပေါ်ရှိ မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု မရင်းငယ်ဖျားရွာအနီးတွင် ယနေ့(ဇွန် ၃၀) နံနက် ၉ နာရီအချိန်ခန့်က အုတ်တင်ယာဉ်နှင့် ခရီးသည်တင်ယာဉ်တို့ တိုက်မိသဖြင့် ခရီးသည် ၈ ဦးဒဏ်ရာရရှိခဲ့ကြောင်း ယင်းကျေးရွာအုပ်စုနေသူအချို့ထံမှ သိရသည်။

တနင်္သာရီမြို့ဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် အုတ်တင်ယာဉ်နှင့် မြိတ်မှ တနင်္သာရီဘက်သို့သွားသည့် ခရီးသည်တင်ယာဉ်တို့သည် မရင်းငယ်ဖျားရွာအနီးရှိ အားမာန်သစ်ဆီဆိုင်အကွေ့တွင် တိုက်မိကြခြင်း ဖြစ်ကြောင်း ယင်းကျေးရွာနေသူအချို့က ပြောပြသည်။

“အုတ်ကားဘက်က အရှိန်လွန်ပြီး ဝင်တိုက်မိတာလို့ ကြားရတယ်‌ဗျ” ဟု မရင်းငယ်ဖျားရွာသားတစ်ဦးက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် ခရီးသည်တင်ယာဉ်မောင်းနှင့် ခရီးသည် ၈ ဦးတို့ ဒဏ်ရာရရှိသဖြင့် မြိတ်ဆေးရုံကြီးသို့ တင်ပို့ထားကြောင်း နာရေးကူညီမှုအသင်းအချို့မှ သိရသည်။

“ခရီးသည်တွေက ဒဏ်ရာသိပ်မစိုးရိမ်ရဘူး၊ ကားမောင်းသမားက ညှပ်မိသွားတာဆိုတော့ ဒဏ်ရာပြင်းမယ်ထင်တယ်” ဟု နာရေးကူညီမှု အသင်းတစ်သင်းမှ အသင်းဝင်တစ်ဦးက ပြောသည်။

“ဒီနေရာမှာက မကြာမကြာတိုက်လေ့ရှိတယ်၊ မြိတ်ဘက်ကအသွားဆိုရင် ကုန်းအတက်အကွေ့ကြီးဖြစ်နေတာ၊ တောင်ကလည်းကာနေတယ်” ဟု မရင်းငယ်ဖျားရွာအနီးရှိ ရွှေဒူးရွာနေသူတစ်ဦးက ပြောသည်။

အဆိုပါယာဉ်တိုက်မှုဖြစ်ခဲ့သည့် မနက်ပိုင်းအတွင် မိုးရွာသွန်းထားကြောင်း ရွာသားအချို့က ဆိုသည်။