မြိတ်တွင် ကုရ်ဘာနီအိဒ်ပွဲတော်လုပ်သည့် မြို့ခံအချို့ ခေါ်ယူစစ်ဆေးခံရ

0
2049
မြိတ်မြို့၊ဈေးတန်းရပ်ကွက်ရှိ ဂျာမေဗလီကြီး

မြိတ်မြို့တွင် အစ္စလာမ်ဘာသာဝင်များ၏ အထွတ်အမြတ်ပွဲတော်နေ့တစ်ခုဖြစ်သည့် ကုရ်ဘာနီ ပြုလုပ်သူ အချို့ခေါ်ယူစစ်ဆေးခံရကြောင်း မြို့ခံများ ထံမှသိရသည်။

ယနေ့ ဇွန် ၂၉ ရက်တွင်ကျရောက်သည့် အိဒ်ပွဲတော်အတွက် ကုရ်ဘာနီပြုလုပ်ရာတွင် မြိတ်မြို့၊စျေးတန်းရပ်၊ ပန်စရာရပ်နှင့် ပါရမီရပ်ကွက်ရှိ ကုရ်ဘာနီပြုလုပ်သူတချို့အား စစ်ကောင်စီတာဝန်ရှိသူများက ခေါ်ယူစစ်ဆေးခဲ့သည်ဟု မြို့ခံများ ကပြောသည်။

“ဗလီတွေမှာ နေရာကျဥ်းပြီး နွားအကောင်ရေကများတော့ တချို့က အိမ်တွေကိုဆွဲပြီး သတ်ခဲ့တယ်။ အဲဒါကြောင့် လာခေါ်ပြီး စစ်ဆေးခဲ့တယ်လို့ သိရတယ်”ဟု အစ္စလာမ်ဘာသာဝင် မြို့ခံအမျိုးသား ကပြောသည်။

သက်ဆိုင်ရာတာဝန်ရှိသူများက ဗလီဆရာများကို အိဒ်နေ့မတိုင်မီက အစည်းအဝေးခေါ်ယူခဲ့ပြီး ကုရ်ဘာနီပြုလုပ်မည့် သားကောင်များကို ပြုလုပ်မည့်ရက် ပြုလုပ်ရမည့်နေရာကို တိတိကျကျ သတ်မှတ်ပေးထားပြီး ယင်းအတိုင်း ဆောင်ရွက်ခြင်းမရှိလျှင် အရေးယူခံရမည်ဟု ပြောဆိုခဲ့ကြောင်း မြို့ခံဗလီဆရာတစ်ဦးက ရှင်းပြသည်။

“ကျွန်တော်တို့က အဲဒီစည်းကမ်းချက်တွေကို အိဒ်နေ့မတိုင်မီကတည်းက ဗလီမှာလည်း စာနဲ့ကပ်ပြီး ကြေညာထားတယ်။ အိဒ်နမာ့ဇ်ဝတ်မပြုခင် မှာလည်း ထပ်ပြီးတော့ အသိပေး ဟောပြောသေးတယ်။ ဒါပေမဲ့ လူအများနဲ့ဆိုတော့ အဲဒါကို မထိန်းချုပ်လိုက်နိုင်ဘူး။ ယိုပေါက်ဖြစ်သွားပြီး နှစ်အိမ်သုံးအိမ် အစစ်ဆေးခံခဲ့ရတယ်”ဟု အမည်မဖော်လိုသည့် မြို့ခံဗလီဆရာ ကပြောသည်။

ယင်းသို့ခေါ်ယူစစ်ဆေးရာတွင် တစ်ဦးလျှင် ငွေကျပ် ၂ သိန်းမှ ၃ သိန်းအထိ ဒဏ်ရိုက်ခံခဲ့ရကြောင်း အစ္စလာမ်ဘာသာဝင် အသိုင်းအဝိုင်းတွင် သတင်းများ ထွက်ပေါ်ခဲ့သော်လည်း Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။

“ငွေကြေးဒဏ်ရိုက်ခံရတယ်လို့တော့ ကျွန်တော်တို့ဆီ သတင်းမဝင်သေးဘူး။လောလောဆယ် အတည်မပြုနိုင်သေးဘူး”ဟု အမည်မဖော်လိုသည့် ဗလီဆရာကပြောသည်။

အစ္စလာမ်ဘာသာ ထုံးထမ်းဓလေ့အရ အလှူလုပ်မည့် သားကောင်များကို အိဒ်ပွဲတော်နေ့မှစကာ သုံးရက်တိုင်တိုင် ကုရ်ဘာနီပြုလုပ်နိုင်ပြီး အများအားဖြင့် ဗလီကျောင်း ပရဝဏ်တွင်သာ ပြုလုပ်ကြကြောင်း၊

ကျေးလက်တောရွာအချို့တွင်မူ အများပြည်သူမမြင်ရသည့် နေရာများနှင့် နေအိမ်ခြံဝင်းအတွင်းတွင်လည်း ပြုလုပ်လေ့ရှိကြောင်း အစ္စလာမ်ဘာသာဝင် အသိုင်းအဝိုင်း ထံမှသိရသည်။

“ကျွန်တော်တို့က သုံးရက်ခွင့်ပေးဖို့ ပြောဆိုခဲ့ပေမယ့်။ တာဝန်ရှိသူတွေက တစ်ရက်တည်း တစ်နေရာတည်းပဲ ခွင့်ပြုခဲ့တယ်” ဟုဗလီဆရာ တစ်ဦးကပြောသည်။

အစ္စလာမ်ဘာသာဝင်များ၏ သားကောင်လှူတန်းသည့် အိဒ်ပွဲတော်ဖြစ်သည့် ‘အီဒုလ်အဿွဟာ’ နေ့ထူးနေ့မြတ်ကို ကမ္ဘာတဝန်းရှိ အစ္စလာမ်ဘာသာဝင်များက နှစ်စဥ်နှစ်တိုင်း ပြုလုပ်နေကြသည်မှာ နှစ်ပေါင်းတစ်ထောင့်လေးရာကျော်ပြီဖြစ်ကြောင်း မှတ်တမ်းများအရသိရသည်။