ထိုင်းလေဆိပ်တွင် ခရီးသည်တစ်ဦး ရွေ့လျားစက်လှေကားညပ်သဖြင့် ခြေထောက်တစ်ဖက်ဆုံးရှုံး

0
1998

ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့ရှိ ဒွန်မောင်းလေဆိပ်ရှိ ရွေ့လျားလူသွားလမ်းတစ်ခုတွင် မတော်တဆဖြစ်ပြီး အမျိူးသမီးခရီးသည်တစ်ဦး ခြေထောက်ညပ်သွားကာ ဘယ်ဘက်ခြေထောက် အောက်ပိုင်း၏ ထက်ဝက်ခန့် ဆုံးရှုံးသွားခဲ့ကြောင်း ဒေသတွင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။

ယင်း မတော်တဆမှုမှာ ဒွန်မောင်း လေဆိပ်၏ ပလက်ဖောင်း နံပါတ် (၄) နှင့် (၅) အကြားရှိ တောင်ဘက် စင်္ကြံတွင် ယနေ့ (ဇွန် ၂၉) နံနက် ၈ နာရီ ၄၀ မိနစ်ခန့်က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း လေဆိပ်စီမံခန့်ခွဲရေးမှ သိရသည်။

အဆိုပါခရီးသည်မှာ ဘန်ကောက်မြို့မှ နိုင်ငံ၏ တောင်ပိုင်း ၊ နခွန်ဆီထမ်မာရတ်သို့ သွားရောက်ရန် လေဆိပ်သို့ ရောက်လာခြင်းဖြစ်သည်။

လေဆိပ်အတွင်းရှိ ရွေ့လျားလူသွားလမ်းပေါ်တွင် သွားနေစဉ် စက်မှာအောက်သို့ကျွံဝင်သွားပြီး သူမ၏ ဘယ်ဘက်ခြေထောက်မှာ စက်ယန္တရားထဲသို့ ဝင်သွားခဲ့ခြင်းဖြစ်ကြောင်း ဒွန်မောင်းလေဆိပ်၏ ဒါရိုက်တာ Karant Thanakuljeerapat က မီဒီယာများကို ဖြေကြားခဲ့သည်။

သူမ ကို ဆေးကုသမှု ပေးနိုင်ရန် အနီးဆုံး ဖြစ်သည့် Bhumibol Adulyadej ဆေးရုံသို့ ရွှေ့ပြောင်းခဲ့ရကြောင်း ဒွန်မောင်းလေဆိပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်ပြီး ဆက်စပ်တပ်ဖွဲ့များအား စုံစမ်းစစ်ဆေးမှုပြုလုပ်ရန်နှင့်ယင်းခရီးသည်အား လိုအပ်သည့် အကူအညီများပေးရန် ညွှန်ကြားခဲ့သည်။

“ဒွန်မောင်းလေဆိပ်အနေနဲ့ ယခုလို ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွက် အင်မတန် ဝမ်းနည်းကြေကွဲရပါတယ်။ ဒီဖြစ်ရပ်အပေါ် တာဝန်အဝဝကိုလည်း အပြည့်အဝ ယူသွားမယ့်အပြင် (အဆိုပါ ခရီးသည်အတွက်) ဆေးကုသမှု စရိတ် အပြင် လျော်ကြေးငွေ ကို ပြင်ဆင်ပေးဖို့အတွက်လည်း အသင့်ရှိနေပါတယ်” ဟု ဒွန်မောင်း လေဆိပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လေဆိပ်တွင်း အင်ဂျင်နီယာများအား စုံစမ်းစစ်ဆေးမှုနှင့် ဘေးကင်းရေး စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် အဆိုပါ အခင်းဖြစ်ပွားရာ ရွေ့လျားလူသွားလမ်း၏ လည်ပတ်မှုကို ယာယီပိတ်ထားကြောင်း ယင်းထုတ်ပြန်စာ အရ သိရသည် ။

Reference

● Channel News Asia