ဘီးလင်းနှင့်သထုံကြားက ချောင်းကူးတံတား မိုင်းပေါက်ကွဲသဖြင့် ခရီးသည်တစ်ဦးသေဆုံး

0
2159

မွန်ပြည်နယ်၊ သထုံမြို့နယ်နှင့် ဘီးလင်းမြို့နယ်ကြား ဆက်သွယ်ထားသည့် ကျုံအိတ်ချောင်းတံတား ဇွန်လ ၂၉ ရက်နေ့ နံနက် ၄ နာရီအချိန်ခန့်က မိုင်းပေါက်ကွဲသဖြင့် ခရီးသွားတစ်ဦးသေဆုံးကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံများနှင့် လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

တံတား မိုင်းပေါက်ကွဲမှုကြောင့် တံတားတစ်ခြမ်း ပြိုကျပျက်စီးသွားပြီး တံတားပေါ်ဖြတ်သန်းနေသည့် ယာဉ်နှစ်စီးလည်း တံတားနှင့်အတူ ပါသွားသည်ဟု သိရသည်။

တံတားပြိုကျမှုနှင့်အတူပါသွားသည့် ယာဥ်နှစ်စီးအနက် တစ်စီးက လုံးဝပျက်စီးသွားပြီး ယာဥ်ပေါ်ပါလာသည့် အမျိုးသားတစ်ဦး သေဆုံးကာ၊ တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

“တံတားက တစ်ခြမ်းပြိုကျသွားတယ်။ ကားအသေးနှစ်စီးကတော့ တံတားပြိုကျတဲ့အထဲပါသွားတယ်။ တံတားအောက် ရောက်သွားတာတွေ့ရတယ်။ တစ်စီးကတော့ ကြေသွားတာတွေ့ရတယ်။ အဲကားပေါ်မှာ ပါလာတဲ့ အမျိုးသားတစ်ဦးကတော့ သေသွားတယ်။ နောက်တစ်ဦးက ဒဏ်ရာရတယ်” ဟု  ၎င်းက ပြောသည်။

တံတားဖောက်ခွဲမှုနှင့်အတူ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသွားသူတို့ကို လူမှုကယ်ဆယ်ရေးအဖွဲ့တို့က ဘီးလင်းဆေးရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

လက်ရှိတွင် ကျန်ရှိနေသည့်တံတားဘက်ခြမ်းက ကားများ တစ်စီပြီးတစ်စီး  ဖြတ်သန်းသွားလာ နေရသည့်အတွက် ကားပိတ်ဆို့မှုများလည်း ဖြစ်နေပေါ်နေကြောင်း ခရီးသွားအချို့တို့ထံမှ သိရသည်။

“ကျန်နေတဲ့ဘက်ခြမ်းမှာ ကားတွေ တစ်စီးပြီးတစ်စီး ဖြည်းဖြည်းချင်း သွားနေတော့ ဟိုဘက် ဒီဘက် ကားတွေတော့ ပိတ်နေတဲ့အနေအထားရှိတာပေါ” ဟု ခရီးသွားတစ်ဦးက ပြောသည်။

တံတားဖောက်ခွဲခံရသည့်နေရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်ရှိနေပြီး လုံခြုံရေးတင်းကြပ်ထားကာ စစ်ဆေးမှုများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

အဆိုပါ ကျုံအိတ်တံတားသည် ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-မြ၀တီလမ်းအတွင် အရေးပါသည့် တံတားတစ်စင်းဖြစ်သည်။

ယင်းတံတားမိုင်းပေါက်ကွဲမှုနှင့် ပတ်သက်သည့် အသေးစိတ်အခြေအနေကိုမူ မသိရှိရသေးပေ။