ရေးကားလမ်းပေါ် တိုက်ပွဲဖြစ် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသွား ၄ ဦး ဒဏ်ရာရ

0
2112

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကလော့ကျေးရွာ၊ ရေး-ထားဝယ်ကားလမ်းမပေါ် ပေလေးဆယ်တံတားအနီးတွင် ယနေ့ (ဇွန် ၂၈)နံနက်ပိုင်းက တိုက်ပွဲဖြစ်ပွားပြီး တစ်နှစ်ခွဲအရွယ် ကလေးငယ်တစ်ဦးအပါအဝင် ခရီးသွား ၄ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံတို့ထံမှ သိရသည်။

ယနေ့ နံနက် ၈ နာရီခွဲခန့်အချိန်က ကလော့ကျေးရွာ ပေလေးဆယ်တံတားအနီး စစ်ကောင်စီပွိုင့်ကားတစ်စီးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)၊ ပြည်သူ့ကာကွယ်ရေး (PDF) ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒုစစ်ဒေသခွဲမှူးရုံး၊ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း PDF က ထုတ်ပြန်ထားသည်။

အဆိုပါပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်အတွင်း ရန်ကုန်မှ ထားဝယ်သို့ မောင်းနှင်လာသည့် အိမ်စီးကားတစ်စီး ကျည်ထိမှန်သွားခဲ့သည်ဟု ဒေသခံတို့က ပြောသည်။

ကားပစ်ခတ်ခံရမှုကြောင့် ကားပေါ် စီးနင်းလိုက်ပါလာသည့် တစ်နှစ်ခွဲအရွယ်ကလေးငယ်တစ်ဦး၊ အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦးတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သည်။

“ပစ်ခံထိတဲ့ကားပေါ်ပါလာတဲ့ ကလေးတစ်ဦးနဲ့ အမျိုးသမီးက ၂ ဦး၊ အမျိုးသားက တစ်ဦးထိသွားတယ်။ သူတို့ကို လူမှုကယ်ဆယ်ရေးကားတွေနဲ့ ဆေးရုံပို့လိုက်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ကျည်ထိမှန်ဒဏ်ရာရသူများကို ရေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ၎င်းအနက်မှ ဒဏ်ရာပြင်းထန်သည့် အမျိုးသမီးတစ်ဦးကိုတော့ ရေးမြို့ပြည်သူ့ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံသို့ အရေးပေါ်သို့ ပို့ဆောင်ထားကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ရေးကားလမ်းတလျှောက် နယ်မြေစိုးမိုးထိန်းချုပ်နိုင်ရေး ကြိုးပမ်းနေသည့် KNLA, PDF ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား ထိတွေ့တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေသည်။

ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ် ၃၊ တောင်ပိုင်းတိုင်း PDF မှ သတင်းထုတ်ပြန်ထားချက်အရ ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ကလည်း ရေးကားလမ်းတစ်လျှောက်တွင် စစ်ကောင်စီတပ်နှင့် KNLA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တစ်ရက်အတွင်း ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့သည်။

ဇွန်လ ၂၆ ရက်နေ့ ညကလည်း ရေးကားလမ်း ပရယ်သားကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် KNLA, PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့သည်ဟု ထုတ်ပြန်ထားသည်။

မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ လမ်းမကြီးတစ်လျှောက်တွင် ဇွန်လ ၁၈ ရက်နေ့မှစပြီး KNLA, PDF ပူးပေါင်းတပ်ဖွဲ့တို့ စစ်ဆေးမှုများ ပြုလုပ်ပြီး စစ်ကောင်စီတပ်သားများ သွားလာမှုကို စောင့်ကြည့်စစ်ဆေးနေသည်။