ထိုင်းတောင်ပိုင်းတွင် ဖမ်းဆီးခံ မြန်မာလုပ်သားများ ထွက်ပြေး

0
1913

ထိုင်းနိုင်ငံတောင်ပိုင်း စွန်ခရာခရိုင်ရှိ ရတ်တဖူရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားသော ဆယ်ကျော်သက်အရွယ် မြန်မာအလုပ်သမား ၁၃ ဦးမှာ ဇွန်လ ၂၅ ရက်နေ့က ထွက်ပြေးခဲ့ကြပြီး ၁၂ ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ထိန်းသိမ်းရေးစခန်းရှိ ဆယ်ကျော်သက် မြန်မာနိုင်ငံသား ၁၃ ဦးသည် နံနက် ၅ နာရီတွင် ရဲတပ်ဖွဲ့များ တာဝန်ပြောင်းချိန်၌ ထွက်ပြေးခဲ့ကြခြင်းဖြစ်ပြီး တစ်ဦးမှာ ပြန်လည်ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများသည် အသက် ၁၂ နှစ်မှ ၁၇ နှစ်အရွယ်များဖြစ်ကြပြီး ဇွန်လ ၇ ရက်နေ့က စွန်ခရာခရိုင် ရတ်တဖူဒေသတွင် တရားမဝင် ဝင်ရောက်မှုဖြင့် ထိုင်းနိုင်ငံသား ကားသမားတစ်ဦးနှင့်အတူ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားများကို လူကုန်ကူးခံရခြင်းရှိမရှိ စစ်ဆေးရန်အတွက် ရတ်တဖူရဲစခန်းရှိ အရာရှိအိမ်တစ်ဆောင်တွင် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တာဝန်ချိန် ရဲတပ်ဖွဲ့များ ရောက်ရှိလာသောအခါတွင် အိမ်အနောက် ပြတင်းပေါက်ပွင့်လျက်သားရှိနေခဲ့ပြီး အထဲတွင် မြန်မာနိုင်ငံသား တစ်ဦးတစ်ယောက်မျှ မရှိနေတော့ကြောင်း ဖော်ပြထားသည်။

ထိန်းသိမ်းခံထားရသူများသည် အိမ်နောက်ဘက် အောက်ထပ်ရှိ တံခါးကို အပြင်ဘက်ကန့်လန့်ဖြတ် သစ်သားကွာကျသည်အထိ ကန်ဖွင့်ခဲ့ပြီး အဆိုပါလမ်းကြောင်းမှတစ်ဆင့် ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း‌ ဖော်ပြထားသည်။

ရဲတပ်ဖွဲ့နှင့် အာဏာပိုင်များက ခြေရာခံ ရှာဖွေဖမ်းဆီးခဲ့သောအခါ မြန်မာအမျိုးသမီးတစ်ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ပြီး ကျန်သူများမှာ လွတ်မြောက်နေဆဲဖြစ်သည်။

ရဲတပ်ဖွဲ့များနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ CCTV မှတ်တမ်းများကို စစ်ဆေး၍ အမြန်ဆုံး ပြန်လည်ဖမ်းဆီးနိုင်ရန် ကြိုးစားလျက်ရှိကြောင်း သိရသည်။

ဖမ်းဆီးခံခဲ့ရသော မြန်မာနိုင်ငံသားများသည် ပွဲစားကို ဘတ် ၂ သိန်းခန့် (ကျပ်သိန်း ၁၂၀ ခန့်) ပေးချေခဲ့ပြီး မလေးရှားတွင် သွားရောက်လုပ်ကိုင်နိုင်ရန်အတွက် ဝင်ရောက်လာစဉ်တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများလည်း ဖြစ်သည်။

Ref: CH 7 News, Hatyai Focus, Matichon Online