မြန်မာကို လူသားချင်းစာနာမှုအကူအညီအမြန်ဆုံးပေးကြရန် နိုင်ငံတကာကို ဆေးပညာရှင်များအသင်းတောင်းဆို

0
2028

မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများ အမြန်ဆုံးပေးကြရန်အပါအဝင် အချက်ငါးချက်ကို နိုင်ငံတကာ အစိုးရများနှင့် အဖွဲ့အစည်းများအား မြန်မာနိုင်ငံဆေးပညာရှင်အသင်းက တောင်းဆိုလိုက်သည်။

ဇွန်လ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ကျင်းပသည့် မြန်မာနိုင်ငံဆေးပညာရှင်များအသင်း၏ (၁၁) ကြိမ်မြောက် ညီလာခံတွင် ယင်းကဲ့သို့ ထုတ်ပြန်တောင်းဆိုခြင်းဖြစ်သည်။

နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာမှုအကူအညီများရရှိရေး နည်းလမ်းမျိုးစုံဖြင့် အမြန်ဆုံးဆောင်ရွက်ပေးရန်၊ ဒေသတွင်းအဖွဲ့အစည်းများနှင့် လက်တွဲပြီး လူသားချင်းစာနာမှုအကူအညီများကို အမှန်တကယ်လိုအပ်သည့် လူထုထံသို့ အထိရောက်ဆုံးထောက်ပံ့ရန်နှင့် ကျန်းမာရေးအကူအညီ လိုအပ်နေသည့် ပြည်သူများကို ဘေးကင်း လုံခြုံစွာ စောင့်ရှောက်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးရန် စသည့်အချက်များကို တောင်းဆိုထားသည်။

စစ်အာဏာရှင်စနစ်ကြောင့် နိုင်ငံသားများ၏ ကျန်းမာရေးအခြေအနေမှာ လွန်စွာစိုးရိမ်ဖွယ်ကောင်းသည့် အခြေအနေသို့ ရောက်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နယ်စပ်ဒေသနှင့် ပြည်တွင်းနေ ပြည်သူများမှာ ကျန်းမာရေးနှင့် ပတ်သက်သည့် လူသားချင်းစာနာမှု အကူအညီ အများအပြား လိုအပ်နေကြောင်း မြန်မာနိုင်ငံဆေးပညာရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာမြင့်ချိုက ပြောသည်။

လက်ရှိတွင် နိုင်ငံတကာက လူသားချင်းစာနာမှုအကူအညီပေးရန် ဆုံးဖြတ်ထားကြသော်လည်း စစ်ကောင်စီနှင့် တွဲပြီးမှ ပေး၍ရသည့် အခြေအနေဖြစ်နေကြောင်း ၎င်းက ရှင်းပြသည်။

ထိုကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ညှိနှိုင်းပြီး အကူအညီလိုအပ်နေသည့် ပြည်သူများထံ လူသားချင်းစာနာမှုအကူအညီ တိုက်ရိုက်ရောက်ရန် လိုအပ်နေကြောင်း ဒေါက်တာမြင့်ချိုက ဆိုသည်။

“အထဲ (ပြည်တွင်း) က ပြည်သူတွေအတွက်ရော၊ နယ်စပ်မှာရှိတဲ့ တိုင်းရင်းသားပြည်သူတွေအတွက်ရော လူသားချင်း စာနာတဲ့အကူအညီ ထိထိရောက်ရောက်ပေးနိုင်ဖို့အတွက် စစ်ကောင်စီနဲ့ မပူးပေါင်းဘဲနဲ့ နယ်စပ်ဖြတ်ကျော်ပြီး အကူအညီပေးဖို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ အထဲမှာ အကူအညီပေးနိုင်ဖို့ ပြည်သူကို တိုက်ရိုက်ရောက်ဖို့ အတွက် တောင်းဆိုရခြင်းဖြစ်ပါတယ်” ဟု ဒေါက်တာမြင့်ချိုက ပြောဆိုသည်။

လက်ရှိတွင် အိမ်နီးချင်းနိုင်ငံများ၏ မူဝါဒအရ လူသားချင်းစာနာမှုအကူအညီများကို တရားဝင်ပေး၍ မရသည့် အနေအထားဖြစ်နေပြီး အတိုင်းအတာတစ်ခုအထိသာ ရရှိနေကြောင်း ၎င်းက ဆိုသည်။

“အဓိကကတော့ များများစားစား လိုအပ်သလောက်ကို ရဖို့ဆိုတာက အိမ်နီးချင်းနိုင်ငံအစိုးရတွေကနေ သူတို့ရဲ့ မူဝါဒအရ နိုင်ငံတကာနဲ့ ပူးပေါင်းပြီးတော့ တရားဝင်ဖြတ်သန်းပြီးတော့ ပေးခွင့်ရှိဖို့ လိုအပ်နေပါတယ်” ဟု ဒေါက်တာမြင့်ချိုက ပြောသည်။

စစ်ကောင်စီ၏ မတရားဖမ်းဆီးခြင်းခံထားရသည့် ဆေးပညာရှင်များအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ချင်းပြန်လွတ်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်ပေးရန်နှင့် စစ်ကောင်စီကို အစိုးရတစ်ရပ်အဖြစ် အသိအမှတ် မပြုကြရန်လည်း မြန်မာနိုင်ငံဆေးပညာရှင်များအသင်းက တောင်းဆိုထားသည်။

အမေရိကန်အစိုးရကလည်း NUG အစိုးရ ၊ တိုင်းရင်းသားလက်နက်ကိုင်များ၊ အာဏာရှင်တော်လှန်နေသော အခြားအဖွဲ့အစည်းများနှင့် တော်လှန်ရေးအဖွဲ့များကို လက်နက်မဟုတ်သော အကူအညီများပေးရန် Burma Act ကို အတည်ပြုပြဋ္ဌာန်းထားသည်။

မြန်မာနိုင်ငံဆေးပညာရှင်များအသင်းကို ၁၉၉၁ ခုနှစ်က စတင်ဖွဲ့စည်းခဲ့ပြီး ညီလာခံကို တစ်နှစ်တစ်ကြိမ် ကျင်းပကြောင်း အထက်ပါအသင်းထံမှသိရသည်။