မြဝတီတွင် လူကုန်ကူးခံရသော အင်ဒိုနီးရှားကိုးဦးကို ထိုင်းမှတစ်ဆင့် နေရပ်ပြန်ပို့

0
1895

ကရင်ပြည်နယ် မြဝတီမြို့နယ် လက်နက်ကိုင်နယ်မြေရှိ ကုမ္ပဏီတစ်ခုသို့ လူကုန်ကူးခံထားရသော အင်ဒိုနီးရှား နိုင်ငံသား ကိုးဦးကို ဇွန်လ ၂၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှတစ်ဆင့် နေရပ်ပြန်ပို့ ပေးနိုင်ခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အင်ဒိုနီးရှားနိုင်ငံသား ကိုးဦးသည် မြဝတီမြို့ရှိ လက်နက်ကိုင်နယ်မြေများတွင်း လူကုန်ကူးခံထားရပြီး အွန်လိုင်း ငွေကြေးလိမ်လည်မှုများပြုလုပ်ရန် အတင်းအဓမ္မဖိအားပေး စေခိုင်းခံနေရကြောင်း ဖော်ပြထားသည်။

၎င်းတို့သည် ကုမ္ပဏီအတွင်း ပိတ်မိနေသဖြင့် ရန်ကုန်မြို့ရှိ အင်ဒိုနီးရှားသံရုံးသို့ အကူညီပေးရန် တိုင်ကြားခဲ့ကြောင်း ဆိုသည်။

တိုင်ကြားမှု ရရှိခဲ့ပြီးနောက် သံရုံးက သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့သို့ အင်ဒိုနီးရှားနိုင်ငံသားများကို ရွှေ့ပြောင်းနိုင်ခဲ့ကြောင်း‌ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းတို့ လုပ်ကိုင်နေခဲ့သော ကုမ္ပဏီနှင့် ဆွေးနွေးမှုများပြုလုပ်ခဲ့သည်ဆိုသော်လည်း ကယ်တင်ခဲ့သည့်အခြေအနေ အသေးစိတ်နှင့် ကယ်တင်နိုင်ခဲ့သည့် နေ့ရက်တို့ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။

အင်ဒိုနီးရှားနိုင်ငံသားများကို ကယ်ထုတ်နိုင်ရန် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတို့နှင့် ဆွေးနွေးကာ အကူအညီရယူခဲ့ကြောင်းလည်းဆိုသည်။  

ထိုင်းနိုင်ငံသို့ လွှဲပြောင်းနိုင်ပြီးနောက် ထိုင်းအစိုးရ၏ အကူအညီရယူခဲ့ပြီးနောက် ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ်မှတစ်ဆင့် အင်ဒိုနီးရှားနိုင်ငံသို့ ပြန်လည်ပို့ဆောင်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ဖော်ပြသည်။

ပြီးခဲ့သော မေလအတွင်းတွင်လည်း မြဝတီတွင် လူကုန်ကူးခံခဲ့ရသော အင်ဒိုနီးရှား နိုင်ငံသား ၂၅ ဦးကို ဘန်ကောက်မြို့မှ တစ်ဆင့် နေရပ်ပြန်ပို့ပေးနိုင်ခဲ့ကြောင်း ထိုင်းသတင်းဌာန The Reporter က ဖော်ပြထားသည်။

လက်ရှိအချိန်အထိ မြဝတီမြို့တွင် ပိတ်မိနေသေးသော အင်ဒိုနီးရှားနိုင်ငံသား ၁၃ ဦးကျန်ရှိနေသေးပြီး ၎င်းတို့ကို ကယ်တင်နိုင်ရန် ဆက်လက်ဆောင်ရွက်နေဆဲဖြစ်ကြောင်း ယင်းသတင်းတွင် ဖော်ပြထားသည်။