ကလိန်အောင် မီးသတ်ဒုဦးစီးမှူး လိုက်ပါလာသည့်ကား ပစ်ခတ်ခံရ

0
2064

ကလိန်အောင်မြို့ မီးသတ်ဦးစီးဌာန ဒုဦးစီးမှူလိုက်ပါလာသည့်ကား ကလိန်အောင်-ရေဖြူလမ်းပိုင်း မိုင်တိုင် ၂၅ အရောက်တွင် သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရကြောင်း သိရသည်။

ဇွန်လ ၂၄ ရက်နေ့ညပိုင်းက ပစ်ခတ်ခံရခြင်းဖြစ်ပြီး ပစ်ခတ်ခံရမှုကြောင့် ဦးစီးမှူးဦးကျော်မျိုးထွန်း အပါအဝင်  ကားပေါ်လိုက်ပါလာသည့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးနှစ်ဦးလည်း ဒဏ်ရာရသွားကြောင်း ကလိန်အောင်မြို့ခံ အချို့ကဆိုသည်။

“ကားက မီးသတ်ဦးစီးရဲ့ကိုယ်ပိုင်ကားပါပဲ။ သေနတ်နဲ့ ပစ်ခံရပြီးလမ်းဘေးကို ထိုးကျသွားတယ်။ လူတွေလည်းအကုန်ဒဏ်ရာရကြတယ်” ဟု ကလိန်အောင်မြို့ခံတစ်ဦးက ပြောသည်။

ဒဏ်ရာရသူများမှာ ရေဖြူဆေးရုံတွင် တက်ရောက်ကုသနေပြီး ဒဏ်ရာရသွားသည့် အမျိုးသားမှာ စစ်ကောင်စီတပ်သား တစ်ဦးဖြစ်ကြောင်း မြို့ခံအချို့က ပြောဆိုကြသည်။

သို့သော်လည်း စစ်ကောင်စီတပ်သား ဖြစ်သည်ဆိုသောအချက်နှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ပစ်ခတ်ခံရမှုဖြစ်စဥ်နှင့်ပတ်သက်ပြီး မည်သည့်အဖွဲ့က ဆောင်ရွက်ခဲ့သည်ကိုမူ ယနေ့ဇွန်လ ၂၆ ရက် ညနေပိုင်းအထိ ထုတ်ပြန်ထားသည်ကိုမတွေ့ရသေးပေ။

ဇွန်လ ၂၃ ရက်နေ့ မနက်ပိုင်းကလည်း စစ်ကောင်စီ ယာဥ်တန်းကို ကလိန်အောင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်နှစ်ခုနှင့် ရေဖြူပြည်သူ့ကာကွယ်ရေးတပ်တို့က ကလိန်အောင်-ရေဖြူလမ်းပိုင်းတွင် ၃ ကြိမ်မိုင်းဆွဲခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးနိုင်သည်ဟု သတင်းထုတ်ပြန်ထားသည်။

ကလိန်အောင်-ရေဖြူလမ်းပိုင်းတွင်  စစ်ကောင်စီယာဉ်တန်း၊ ဌာနဆိုင်ရာကား နှင့် အရပ်သားကားအချို့ မကြာခဏ ပစ်ခတ်ခံရလေ့ရှိသည်။

ဇွန်လ ၂၁ ရက်ညမှ ၂၄ ရက်နေ့အထိ ကလိန်အောင်မြို့နှင့် အနီးအနားတွင် စစ်ရေးလှုပ်ရှားမှုများရှိနေပြီး ပစ်ခတ်သံများကြားရကြောင်း၊ ယင်းကြောင့် ကလိန်အောင်မြို့အနီးဝန်းကျင်တွင် လမ်းသွားလမ်းလာ နည်းပါးနေကြောင်း ဒေသခံအချို့က ပြောသည်။