ပုလောဒေသခံ ၂၀ကျော်ကို စစ်ကောင်စီတပ်စစ်ကြောင်း ခေါ်ဆောင်သွားပြီး ငါးဦးသာပြန်လွှတ်

0
2095

စစ်ကောင်စီတပ်စစ်ကြောင်းသည် ပုလောဒေသခံ အမျိုးသား၊ အမျိုးသမီး ၂၀ ကျော်ကို ခေါ်ဆောင်သွားပြီး ငါးဦးသာ ပြန်လွှတ်ပေးသေးကြောင်း ဒေသခံများထံမှ သိရသည်။

ဇွန်လ ၂၂ ရက် ညနေပိုင်းက စစ်ကောင်စီတပ်စစ်ကြောင်းသည် မင်းထိန်ကျေးရွာသို့ သေနတ်ပစ်ဖောက်ကာ ဝင်ရောက်လာပြီး လမ်းတွင်တွေ့ရှိသည့် အမျိုးသားငါးဦးကို ခေါ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

ယင်းနောက် အဆိုပါစစ်ကြောင်းသည် မင်းထိန်နှင့် ပဝတ်ကုန်းရွာကြားရှိ အုန်းတောကမ်းမှ အမျိုးသား၊ အမျိုးသမီး ၁၈ ဦးကိုလည်း ထပ်မံခေါ်ဆောင်သွားကြောင်း ၎င်းတို့က ဆိုသည်။

အုန်းတောကမ်းသည် ဒေသခံများ ရော်ဘာစိုက်ကြသည့်နေရာကို ခေါ်ဆိုခြင်းပြီး ပဝတ်ကုန်းရွာအနီး တည်ရှိသည်။

“ရော်ဘာခြစ်နေတဲ့သူတွေ၊ လယ်လုပ်နေတဲ့သူတွေ အကုန်ခေါ်သွားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ရော်ဘာခြစ်သည့် အလုပ်သမားများမှာ ယခင်ကတည်းက ရော်ဘာတောအတွင်း တဲထိုးကာ လုပ်ကိုင်နေသူများ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အုန်းတောကမ်းက အမျိုးသား၊ အမျိုးသမီးငါးဦးကို ပြန်လွှတ်ပေးခဲ့ပြီး ကျန်သူများကိုသာ ပြန်မလွှတ်ပေးသေးကြောင်း ယနေ့ နံနက်တွင် ဒေသခံများထံ ဆက်သွယ်မေးမြန်းမှုအရသိရသည်။

“မင်းထိန်က ငါးယောက်အပါအဝင် ကျန်တဲ့သူတွေ မလွတ်သေးဘူး” ဟု မင်းထိန်ရွာ ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

ပဝတ်ကုန်းရွာတွင် ဇွန်လ ၂၀ ရက်နေ့မှ ၂၁ ရက်ညအထိ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်တို့ အပြင်းအထန်တိုက်ပွဲဖြစ်ခဲ့သေးသည်။

စစ်ကောင်စီတပ်က စစ်ကြောင်းထိုးရာတွင် ဒေသခံများကို လမ်းပြ၊ လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်လေ့ ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်သတ္တပါတ်အတွင်းကလည်း တနင်္သာရီမြို့နယ်၊ သိန္ဓောရွာနေမိသားစု သုံးဦးကို စစ်ကောင်စီတပ်က လမ်းပြခေါ်ဆောင်သွားပြီး ဇဝဲတပ်ရင်းရောက်သည့်အချိန်တွင် ပြန်လည်လွှတ်ပေးခဲ့ကြောင်း ဒေသခံများကပြောသည်။