ထိုင်းတွင်ရောင်းချခွင့်ပိတ်ထားသော်လည်း ထားဝယ်တွင်လူကြိုက်များနေသည့် ထိုင်းဆေးလိပ်

0
2295

အာဏာသိမ်းပြီးနောက်ပိုင်းတွင် ထားဝယ်ဒေသအတွင် ထိုင်းနိုင်ငံထုတ် ဆေးလိပ်တစ်မျိုး ခေတ်စားလာသည်။

မြန်မာပြည်တွင် ရောင်းချနေသည့် ဆေးလိပ်များထက် ဈေးသက်သာသည့်အပြင် ထိုင်းနိုင်ငံထုတ်ဆိုသည့်အတွက် ဆေးလိပ်သမားများ၏ လက်စွဲဖြစ်လာသည်။

ယင်းဆေးလိပ်အမည်က ထိုင်းဘာသာစကားဖြင့် ကွန်ထစ် ဟုခေါ်ပြီး ထိုင်းနိုင်ငံတွင် ပြီးခဲ့နှစ်ပေါင်းများစွာကတည်းက နာမည်ကြီးခဲ့သော တံဆိပ်ဟုဆိုသည်။

အနီရောင်ဘူးခွံဖြင့် ထုတ်ပိုးထားသည့် ကွန်ထစ်(Kpong Thip) ဆေးလိပ်မှာ ဘူးခွံအပျော့နှင့်အမာဟူ၍ နှစ်မျိုးနှစ်စားရှိပြီး ဝယ်သူများ၍ ဆိုင်တိုင်းတွင် နေရာယူလာကြောင်း ထားဝယ်မြို့ခံအချို့က ဆိုသည်။

ထို့အပြင် ဘူးခွံတွင် Export Only (ပို့ကုန်သီးသန့်) ဟု ရေးသားထားသည်။

ထိုင်းမြန်မာနယ်စပ်ဖြစ်သည့် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်သည်ဟု ကုန်သည်အချို့က ဆိုသည်။

သို့သော် မြန်မာနိုင်ငံသို့ဝင်နေသည့် ကွန်ထစ်ဆေးလိပ်မှာ ထိုင်းနိုင်ငံအတွင်း တရားဝင်ခြင်းမရှိဘဲ တာဝန်ရှိသူများ တွေ့ရှိပါက ဖမ်းဆီးလေ့ရှိသည်။

စက်ရုံမဲ့ ဆေးလိပ်

ယင်းဆေးလိပ်ကို မည်သည့်နိုင်ငံက မည့်သည့်နေရာရှိ စက်ရုံက ထုတ်လုပ်နေသည်ဆိုသည်ကို လက်ကားဖြန့်နေသူအချို့ပင် မသိကြပေ။

အဆိုပါ ဆေးလိပ်ကို ထိုင်းနိုင်ငံမှတစ်ဆင့် ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် ထီးခီးဒေသသို့ အလုံပိတ် Vigo ကားဖြင့် သယ်ဆောင်လာပြီး ထီးခီးဒေသရှိ ထိုင်းနိုင်ငံသားပိုင်ဆိုင်သည့် ဒေသအခေါ် မှန်လုံဆိုင်(စတိုးဆိုင်)မှတစ်ဆင့် ကိုယ်စားလှယ်အဖြစ် ပြန်လည်ဖြန့်ဖြူးနေခြင်းဖြစ်ကြောင်း ထိုင်းတောင်ပိုင်းသို့ ကွန်ထစ်ဆေးလိပ် လက်ကားဖြန့်ဖြူးနေသည့် အမျိုးသားက ဆိုသည်။

ယင်းစတိုးဆိုင်သို့ တစ်ပတ်လျှင် တစ်ကြိမ်မှ နှစ်ကြိမ်အထိ Vigo ကားဖြင့် လာပို့လေ့ရှိသည်။

“ထိုင်းမှာ စက်ရုံရှိလား မရှိလား မသိဘူး။ ဒါပေမဲ့ အဲဒီဆေးလိပ်က ထီးခီးကို ထိုင်းကနေဝင်လာတယ်။ သူတို့က အလုံပိတ် vigo ကားနဲ့ လာပို့တာ။အဲဒါက နယ်စပ်ထီးခီးတရားဝင်အပေါက်ကနေ ဝင်ဝင်လာတယ်”ဟု ၎င်းက ပြောသည်။

အများဈေးဖြင့် ဖောက်သည်ယူပါက ၁၀ ဘူးပါ ဆေးလိပ်တစ်တောင့်လျှင် ဘတ် ၁၈၀ နီးပါး ပေးရပြီး ပြန်ရောင်းပါက ဘတ်လေးရာနီးပါးရကြောင်း အဆိုပါ အမျိုးသားက ဆိုသည်။

အဆိုပါ စတိုးဆိုင်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ လက်ကားဖြန့်ဖြူးနေသလို ထိုင်းနိုင်ငံအတွင်းသို့လည်း ပြန်လည်တင်သွင်းနေသည်ဟု ဆိုသည်။

“ထိုင်းမှာလည်း တရားမဝင်ဘူး။ သူက အခွန်ရှောင်ထားတဲ့ဆေးလိပ်။ ထိုင်းမှာသွင်းတာမဟုတ်ဘဲ မြန်မာကိုသွင်းတဲ့ပုံစံမျိုး။ ပြီးမှ မြန်မာဘက်ကနေ ထိုင်းကိုခိုးသွင်းတာဗျ။ဟိုဘက်ဒီဘက် လက်ဝါးရိုက်ပြီး ဝင်လာတာ”ဟု ၎င်းက ပြောသည်။

ကန့်သတ်ချက်များကို လိုက်နာကာ တရားဝင်ထုတ်လုပ်သည့် ဆေးလိပ်များပင်လျှင် လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် အခြေအနေရှိနေသေးကြောင်း၊ ယင်းသို့တရားမဝင် ထုတ်နေသည့် ဆေးလိပ်ဆိုပါက ဘေးထွက်ဆိုးကျိုး ပိုများနိုင်ကြောင်း တနင်္သာရီတိုင်းအတွင်းမှ ဆရာဝန်တစ်ဦးက မှတ်ချက်ပြုသည်။

စီးကရက်များတွင် ပါဝင်ရမည့် နီကိုတင်းပမာဏ၊ ကတ္တရာစစ်ထုတ်နိုင်မည့် အစီခံသိပ်သည်းဆ အစရှိသည့် စံချိန်စံညွှန်းများရှိကြောင်း၊ သို့သော် တရားမဝင်ထုတ်သော ဆေးလိပ်များတွင် နီကိုတင်း ပမာဏစံသတ်မှတ်ချက် အပါအဝင် အမှုန်အမွှားစစ်ထုတ်သည့် အစီခံ(စီးကရက်ဖင်)ကလည်း စံသတ်မှတ်ချက် မသိရသည့်အတွက် ဘေးထွက်ဆိုးကျိုးပိုများနိုင်ကြောင်း ၎င်းက သုံးသပ်ပြသည်။

“ဆေးတွေကို စပ်ချင်သလိုစပ်တယ်။ ပါတဲ့ပမာဏတွေက မမှန်ဘူးပေါ့နော်။ အဲလိုမျိုးသာ ပါနေမယ်ဆိုရင် ဖြစ်တဲ့ဟာတွေက အချိန်တိုသွားမှာပေါ့။ (ရောဂါ)ပြင်းထန်မှုတွေက ဆိုးလာမှာပေါ့”ဟု အထက်ပါ ဆရာဝန်က ပြောသည်။

ယင်းအပြင် စီးကရက်လုပ်သည့် ဆေးရွက်ကြီးတွင် စိုထိုင်းဆများပြီး မှိုပါဝင်နိုင်သည့်အတွက် ကျန်းမာရေးကို ပိုမိုထိခိုက်စေနိုင်ကြောင်း ၎င်းက ဆိုသည်။

ဆေးလိပ်အတွင်း နီကိုတင်း၊ ကတ္တရာနှင့် ကာဗွန်မိုနောက်ဆိုဒ် အပါအဝင် ဓာတုပစ္စည်းပေါင်းခြောက်ရာခန့် ပါဝင်နေပြီး မီးလောင်ကျွမ်းချိန်တွင် ဓာတုပစ္စည်းပေါင်းခုနှစ်ထောင်ခန့်ထွက်လာလေ့ရှိသည်။

ယင်းဓာတုပစ္စည်းပစ္စည်းများအနက် အများစုက အဆိပ်ရှိပြီး ၆၉ ခုက ကင်ဆာရောဂါဖြစ်ပွားခြင်းနှင့် ဆက်နွယ်နေသည်ဟု ဆိုသည်။

ဆေးလိပ်သောက်သုံးခြင်းကြောင့် ကမ္ဘာပေါ်တွင် တစ်နှစ်လျှင် လူခြောက်သန်းနီးပါးသေဆုံးနေကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ လေ့လာချက်အရ သိရသည်။

လက်ရှိထားဝယ်ဈေးကွက်နှင့် ထိုင်းရွေ့ပြောင်းအလုပ်သမားများအကြား တွင်ကျယ်နေသည့် ကွန်ထစ်ဆေးလိပ်မှာ မည်သည့်စက်ရုံက မည်သို့သော စံချိန်စံနှုန်းများဖြင့် ထုတ်လုပ်ထားသည်ကိုလည်း မသိရပေ။

ထားဝယ်ဈေးကွက်ကို အုပ်စိုးထားသည့် ကွန်ထစ်

အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ထုတ်ကုန်များမသုံးစွဲကြရေး သပိတ်မှောက်သည့် ကမ်ပိန်းများ တွင်တွင်ကျယ်ကျယ် လုပ်လာကြသည်။

ထိုကြောင့် ဒေသတွင်း သောက်သုံးသူများပြားသည့် စစ်တပ်ပိုင်ကုမ္ပဏီက ထုတ်လုပ်သော Red Ruby (ရူဘီ) အမှတ်တံဆိပ်ဆေးလိပ်နှင့် ပရီမီယာဂိုးလ် ဆေးလိပ်ကိုလည်း သပိတ်မှောက်လာကြသည်။

အခြားကုမ္ပဏီထုတ် MEVIUS (မိုက်ဆဲဗင်း ) ၊ မာပိုလို ကဲ့သို့ ဆေးလိပ်ကလည်း ဈေးများသည့်အတွက် အခြေခံလူတန်းစားများ လက်လှမ်းမီနိုင်သည့်ဈေးနှုန်းရှိဆေးလိပ်မှာ ဈေးကွက်မရှိသည့် အခြေအနေဖြစ်လာသည်။

ယင်းအခြေအနေတွင် ထိုင်းနိုင်ငံမှ စက်ရုံမဲ့ထွက်လာသည့် ကွန်ထစ်ဆေးလိပ်က အချိန်တိုအတွင်းမှာပင် ဈေးကွက်ဝေစုရ လာခဲ့သည်။

“လာဝယ်တဲ့သူတွေက Ruby ဆေးလိပ်ကို ဆိုင်မှာတင်ထားရင် မျက်နှာတွေက တစ်မျိုးဗျ သိသာတယ်။ စကားပြောတဲ့ပုံစံကတောင် တစ်မျိုးဖြစ်ကြတော့ မတင်တော့တာ”ဟု ထားဝယ်မြို့အတွင်း ဆေးလိပ်လက်လီရောင်းချနေသည့် ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။

ထားဝယ်မြို့ပေါ်တွင် ၁၀ ဘူးပါ ကွန်ထစ်ဆေးလိပ်တစ်တောင့်လျှင် ၉၈၀၀ ကျပ်ဖြင့် ဝယ်ယူရပြီး တစ်ဘူးလျှင် ကျပ်တစ်ထောင် နှုန်းဖြင့် လက်လီပြန်ရောင်းနေကြသည်။

ထားဝယ်ဒေသတွင် ကွန်ထစ်၊ ဂလိုဘယ်၊ ဝင်စတန် စသည့်အမှတ်တံဆိပ်ပါ ဆေးလိပ်များမှာ လူကြိုက်များပြီး သောက်သုံးသူများပြားကြောင်း အထက်ပါ ကုန်စုံဆိုင်ပိုင်ရှင်က ဆိုသည်။

သို့ရာတွင် ဝင်စတန် ဆေးလိပ်မှာ တစ်တောင့်လျှင် တစ်သောင်းခုနှစ်ထောင် ဝန်းကျင်ရှိသည့်အတွက် အခြေခံလူတန်းစားအများစုက ကွန်ထစ်ဆေးလိပ်ကိုသာ ရွေးချယ်ဝယ်ယူကြကြောင်း ၎င်းက ပြောသည်။

ထိုင်းနိုင်ငံတွင်လည်း တရားဝင်ရောင်းချနေသည့် ဆေးလိပ်ထက် ဈေးထက်ဝက်နီးပါး သက်သာနေသည်။

ဆေးလိပ်တစ်ဘူးလျှင် အနည်းဆုံးဘတ် ၇၀ ရှိသည့် ထိုင်းနိုင်ငံတွင် တရားမဝင်သည့် ကွန်ထစ်ဆေးလိပ်က ဘတ် ၄၀ ဝန်းကျင်သာရှိသည့်အတွက် ထိုင်းနိုင်ငံရောက် မြန်မာရွေ့ပြောင်းလုပ်သားများက အဓိက သောက်သုံးကြသည်။

ထိုင်းနိုင်ငံအတွင်း ဖြန့်ဖြူးရာတွင်လည်း မှောင်ခိုလမ်းကြောင်းဖြင့် နည်းအမျိုးမျိုးအသုံးပြုပြီး သယ်ဆောင်နေရကြောင်း ကွန်ထစ်ဆေးလိပ်လက်ကား ဖြန့်ဖြူးသူက ဆိုသည်။

“ထိုင်းမှာက စစ်လို့မိသွားရင် အမှုက မလွယ်ဘူး။ သူတို့(ထိုင်းရဲ)တွေ တောင်းသလောက်ကို ပေးနေရတာ”ဟု ၎င်းက ပြောသည်။

ထိုင်းနိုင်ငံအတွင်း ရောင်းချခွင့်ပိတ်ထားသည့် ယင်းစက်ရုံမဲ့ ဆေးလိပ်မှာ မည်သည့်‌ဘေးထွက်ဆိုးကျိုးများရှိပြီး ကျန်းမာရေးကို မည်မျှထိခိုက်နိုင်သည်ဆိုသော အခြေအနေကို မည်သူမျှ မပြောနိုင်ပေ။

သို့သော် အခြေခံလူတန်းစားများအတွက်မူ စျေးသက်သာသည့် အချက်ကြောင့်ပင် ယင်းဆေးလိပ်ကို သောက်သုံးနေကြခြင်းဖြစ်သည်။

ရေရှည်တွင် ကျန်းမာရေး မည်မျှထိခိုက်မည်ကို ထည့်သွင်းစဉ်းစားသူပင် မရှိပေ။ နည်းပါးလှသည့် ဝင်ငွေကြောင့် ယင်းသို့သော ဆေးလိပ်မျိုး သောက်သုံးနိုင်သည်ကိုပင် ကျေးဇူးတင်နေရမည့် အခြေအနေ ဖြစ်နေသည်။

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် ပဋိပက္ခများ ပြင်းထန်လာပြီး တရားဥပဒေစိုးမိုးမှု နည်းပါးလာသည်ကို အခွင့်ကောင်းယူကာ ဝိသမလောဘသားများမှာ ဘယ်သူသေသေ ၎င်းတို့အကျိုးအမြတ် ရရှိရေးကိုသာ ဦးတည်လုပ်ဆောင်လာကြသည်။

စစ်ဆေးကြပ်မတ်မှု မရှိသည့် မြန်မာနိုင်ငံအတွင်းသို့ အရည်အသွေးမဲ့ ပစ္စည်းများ ဒလဟောဝင်ရောက် လာနေသည်။

မြန်မာနိုင်ငံသားများအတွက်မူ ရောဂါကို ငွေဖြင့်ဝယ်ယူနေရသည့် အခြေအနေသို့ ရောက်ရှိလာနေသည်။

အခြေခံလူတန်းစားများမှာလည်း စစ်အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးလာကာ ဝင်ငွေချို့တဲ့ လာသည့်အတွက် ကျန်းမာရေးထက် လတ်တလော စျေးသက်သက်သာသာဖြင့် စားသုံးနိုင်‌ရေးကိုသာ အလေးပေးနေကြရသည်။

ထားဝယ်မြို့နေ အသက် ၂၀ ကျော်အရွယ် လူငယ်တစ်ဦးကလည်း ဈေးနှုည်းသင့်တင့်ခြင်း၊ အလွယ်တကူ ဝယ်ယူနိုင်ခြင်း စသည့် အကြောင်းများကြောင့် ကွန်ထစ်ဆေးလိပ်ကို ပြောင်းသောက်ဖြစ်သည်ဟု ဆိုသည်။

“ကျန်းမာရေးထိခိုက်မှာလည်း မစိုးရိမ်ဘူး၊ ဈေးသက်သာတာပဲ ရွေးချယ်ပြီး သောက်ဖြစ်နေတာ”ဟု ဆိုလိုက်သည်။