ထိုင်းနိုင်ငံမှာ ကမ္ဘာပေါ်တွင် လူကုန်ကူးမှု ဒုတိယအများဆုံး ဖြစ်ပွားသည့်နိုင်ငံဟု အမေရိကန်ထုတ်ပြန်

0
2075

အမေရိကန် နိုင်ငံခြားရေးဌာနမှ ထုတ်ပြန်သော နောက်ဆုံးရ လူကုန်ကူးမှုအစီရင်ခံစာ (2023 TIP Report) တွင် လူကုန်ကူးမှု ဖြစ်ပွားမှုနှုန်းမြင့်မားသည့် နိုင်ငံများ စာရင်း တွင် ထိုင်းနိုင်ငံသည် ၎င်း၏ အဆင့် ၂ နေရာ ကို ဆက်လက်ထိန်းသိမ်းထားကြောင်း တွေ့ရှိရသည်။

ထိုင်းနိုင်ငံသည် အခြားသော နိုင်ငံပေါင်း ၁၀၄ နိုင်ငံနှင့်အတူ အမေရိကန်၏ လူကုန်ကူးခံရသူများ ကာကွယ်ရေးဥပဒေ (TVPA) တွင် ဖော်ပြထားသည့် အနိမ့်ဆုံးစံနှုန်းများနှင့် ပြည့်မီခြင်းမရှိကြောင်း၊ သို့သော်လည်း လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များတွင်း ၎င်း၏ အရေးပါသော ကြိုးပမ်းအားထုတ်မှုများကို အသိအမှတ်ပြုကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အစီရင်ခံစာတွင် ထိုင်းနိုင်ငံတွင် အိုင်တီအလုပ်တစ်ခုအတွက် အလုပ်ခေါ်ခြင်း ခံရသော်လည်း မြန်မာနိုင်ငံသို့ လူကုန်ကူးခံခဲ့ရသည့် အသက် ၂၀ အရွယ် ဥဇဘက် အမျိုးသားတစ်ဦးနှင့် ပတ်သက်သည့် အမှု အပါအဝင် လူကုန်ကူးခံရသူများ၏ ဝမ်းနည်းဖွယ်ရာ သတင်းများကို မျှဝေထားသည်။

အခြားသော ဥပမာတစ်ခုအနေဖြင့် ဖိလစ်ပိုင်သို့သွားရောက်လည်ပတ်ရမည် ဟူ၍ လှည့်စားခံခဲ့ရသော ကမ္ဘောဒီးယား အမျိုးသားတစ်ဦးသည် ထိုင်းနိုင်ငံမှတစ်ဆင့် တရုတ်နိုင်ငံသို့ လူကုန်ကူးခံခဲ့ရပြီး အွန်လိုင်း လိမ်လည်မှုများတွင် ပါဝင်ရန် စေခိုင်းခံခဲ့ရသည့် ဖြစ်ရပ်ကို မီးမောင်းထိုးပြခဲ့သည်။

ထို့အပြင် အဆိုပါ အစီရင်ခံစာအရ တရုတ်အခြေစိုက် ရာဇ၀တ်ဂိုဏ်းများသည် အလုပ်သမားပွဲစားများအဖြစ် ဟန်ဆောင်ကာ အရှေ့အာဖရိကနှင့် အာရှမှ အင်္ဂလိပ်စကားပြောတတ်သည့် အလုပ်သမားများကို ပစ်မှတ်ထားခေါ်ယူရန်အတွက် ဆိုရှယ်မီဒီယာကို အသုံးပြုလျက် ရှိသည်။

ဤသို့ ပစ်မှတ်ထားခံရသူများကို ယင်းပွဲစားများက ဆက်သွယ်ချဉ်းကပ်ရာတွင် ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုနှင့် အိမ်နီးချင်းနိုင်ငံများတွင် လစာကောင်းသည့် အလုပ်အကိုင်များ ရှာပေးမည် ဟူ၍ ကတိပြုမှုများဖြင့် အများဆုံး စတင်လေ့ ရှိကြောင်း တွေ့ရှိရသည်။

သို့သော်လည်း အဆိုပါ ပစ်မှတ်ထားခံရသူများ ရောက်ရှိလာချိန်တွင် ၎င်းတို့သည် ရုပ်ပိုင်းဆိုင်ရာနှင့် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများကို လုပ်ဆောင်လေ့ ရှိသော” အလိမ်အညာ စက်ရုံများ” တွင် ချုပ်နှောင်ခံရပြီး အွန်လိုင်း cryptocurrency လိမ်လည်မှုများနှင့် တရားမဝင်လောင်းကစားများကဲ့သို့ အခြားသူအား လိမ်လည်လှည့်ဖြားသည့် လှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ရန် အတင်းအကျပ် ခိုင်းစေခံရမှုများ ရှိကြောင်း သိရှိရသည်။

အဆိုပါ ထုတ်ပြန်ချက် ကို တုံ့ပြန်သည့်အနေဖြင့် ထိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနသည် လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ၎င်း၏ ကာလရှည်ကြာ ကတိကဝတ်ကို အလေးထားကြောင်း ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်အရ ထိုင်းအစိုးရအနေနှင့် ဥပဒေများနှင့် စည်းမျဉ်းများကို တိုးမြှင့်အကောင်ထည်ဖော်ရန်၊ လုပ်ငန်းဆောင်ရွက်မှု စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများနှင့် သက်ဆိုင်သူများ အပါအဝင် သက်ဆိုင်သူများနှင့် မိတ်ဖက်များအကြား ဆက်ဆံရေး အားကောင်းစေရန် ကတိပြုကြောင်း ဖော်ပြထားသည်။

Reference ● Thai PBS World