ထိုင်းတောင်ပိုင်းတွင် မြန်မာလုပ်သားကိုးဦးနှင့် မြန်မာပွဲစားတစ်ဦးဖမ်းဆီးခံရ

0
2093

ထိုင်းနိုင်ငံတောင်ပိုင်းတွင် တရားမဝင် လမ်းကြောင်းဖြင့် ဝင်ရောက်လာသော မြန်မာအလုပ်သမား ကိုးဦးနှင့် မြန်မာပွဲစားတစ်ဦးကို ဖမ်းဆီးရမိကြောင်း အမှတ် (၂၅) ထိုင်းခြေမြန်တပ်ရင်းက ထုတ်ပြန်ထားသည်။

ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ကရဘူရီ-ချွန်ဖော်ပြေးဆွဲနေသော လိမ္မော်ရောင်လိုင်းကားပေါ်တွင် မြန်မာအလုပ်သမားငါးဦးနှင့် မြန်မာပွဲစားတစ်ဦးတို့ကို ဖမ်းမိကြောင်း ဖော်ပြထားသည်။

မြန်မာအလုပ်သမားများသည် အခြားသူများ၏ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (CI) စာအုပ်များ ကိုင်ဆောင်ထားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

မြန်မာပွဲစားမှာ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားကြောင်း‌ ဖော်ပြထားသည်။

မြန်မာအလုပ်သမားများ၏ ဆွေမျိုးများက ရနောင်းခရိုင် ကရဘူရီဒေသမှတစ်ဆင့် စူရတ်ဌာနီခရိုင်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့သဖြင့် ပို့ဆောင်ပေးခဲ့သည်ဟု ပွဲစားက ထွက်ဆိုကြောင်း ရေးသားထားသည်။

ယင်းနေ့ ည ၉ နာရီခန့်တွင် ချွန်ဖော်ခရိုင် စစ်ဆေးရေးဂိတ်တစ်ခု၌ ပစ်ကပ်ကားပေါ် တရားမဝင် ဝင်ရောက်လာသော မြန်မာအလုပ်သမား အမျိုးသားလေးဦးနှင့် ထိုင်းနိုင်ငံသားပွဲစားတစ်ဦးတို့ကို ဖမ်းမိကြောင်း ဖော်ပြသည်။

မြန်မာအလုပ်သမားများသည် ရနောင်းမြို့တွင်သာ လည်ပတ်ခွင့်ပြုထားသော ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်များ ကိုင်ဆောင်ထားသည်ကို တွေ့ရှိရကြောင်း ဆိုသည်။

မြန်မာအလုပ်သမားများနှင့် ပွဲစားများကို ဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ နယ်မြေရဲစခန်းများသို့ ပိုဆောင်ခဲ့ကြောင်း ဖော်ပြသည် ။

ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်မှုကြောင့် ဇွန်လအတွင်း မြန်မာအလုပ်သမား ၁၄၀ဦးအထိ ဖမ်းဆီးခံရပြီး ကားမှောက်မှု၊ ကားမီးလောင်မှုကြောင့် ငါးဦးသေဆုံးကြောင်း Dawei Watch က မှတ်တမ်းပြုစုထားသည့် စာရင်းများအရ သိရသည်။